တိုက်စစ်မှူး အီဂါလို

February 22, 2020

မန်ယူနိုက်တက်အသင်းကို ကူညီရန် အဆင်သင့်ပြင်ဆင်ထားဟု တိုက်စစ်မှူး အီဂါလိုပြော

မန်ယူနိုက်တက်အသင်းကို ကူညီဖို့အတွက် အဆင်သင့် ပြင်ဆင်ထားတယ်လို့ တိုက်စစ်မှူးသစ် အီဂါလိုက ပြောပါတယ်။  နိုင်ဂျီးရီးယားသား အီဂါလိုဟာ ယူနိုက်တက်အသင်းက ချဲလ်ဆီးအသင်းကို ၂ ဂိုး ဂိုး မရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ  ပွဲပြီးခါနီးမှာ လူစားဝင်ကစားခဲ့ပါတယ်။  အီဂါလိုဟာ ဘယ်လ်ဂျီယံကလပ် ဂျန့်အသင်းနဲ့ တဂိုးစီ သရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာလည်း မိနစ် ၂၀ ကျော်လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။  တိုက်စစ်ပိုင်းမှာ မာစီယယ်နဲ့ တွဲဖက်ကစားရတာက နည်းပြရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး သူ့အနေနဲ့တော့ အသင်းက လိုအပ်လာချိန်မှာ ကူညီနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ အီဂါလိုကပြောပါတယ်။  လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန်ကြိုးစားဖို့က မိမိရဲ့ အလုပ်ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးပြီးသားဖြစ်လို့ ဘယ်အရာတွေ ပြင်ဆင်ထားဖို့ လိုအပ်သလဲဆိုတာ သိရှိပြီးသား ဖြစ်တယ်လို့ အီဂါလိုက ပြောပါတယ်။  မန်ယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကစားရမှာဖြစ်ပြီး အသင်းဟောင်းနဲ့ပွဲစဉ်မှာ တိုက်စစ်မှူး အီဂါလိုကို နည်းပြ ဆိုးလ်ရှားက အသုံးပြုဖွယ်ရှိနေပါတယ်။
1 year Ago
Up