တိုက်စစ်မှူး ဟာရီကိန်း

June 20, 2021

တိုက်စစ်မှူးဟာရီကိန်း ခြေစွမ်းမပြနိုင်ပါက စောစောလူစားလဲရန် ဖာဒီနန် တိုက်တွန်း

အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ ခြေစွမ်းပြနိုင်ခြင်းမရှိဘူးဆိုရင် လူစားလဲဖို့ မတွေဝေသင့်ဘဲ ခပ်စောစောလူစားလဲဖို့ နောက်ခံလူဟောင်း ဖာဒီနန်က အကြံပြုတိုက်တွန်းပါတယ်။

အသင်းခေါင်းဆောင်ကိန်းဟာ အင်္ဂလန်အသင်းကစားခဲ့တဲ့ ယူရိုအုပ်စုပွဲစဉ် ၂ ပွဲမှာ ဂိုးပေါက်ကန်သွင်းချက် ၃ ကြိမ်ပဲရှိခဲ့တာပါ။ စကော့တလန်နဲ့ပွဲမှာတော့ ခြေစွမ်းမပြနိုင်ခဲ့တဲ့ကိန်းကို ပွဲချိန် ၇၄ မိနစ်ရောက်မှ နည်းပြဆောက်ဂိတ်က ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲခဲ့ပါတယ်။

ကိန်းဟာ ထိပ်တန်းတိုက်စစ်မှူးဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုးအများဆုံး နဲ့ဂိုးဖန်တီးမှုအများဆုံးဖြစ်ခဲ့ပြီး ယူရိုပြိုင်ပွဲမှာလည်း အဲဒီလိုခြေစွမ်းပြဖို့ မျှော်လင့်တယ်လို့ ဖာဒီနန်က ပြောပါတယ်။

“ဟာရီကိန်းရဲ့အကောင်းဆုံးခြေစွမ်းမရသေးတာနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ ရှိနေပါတယ်။ ချက်နဲ့ပွဲကျရင်တော့ ၄၅ မိနစ်အတွင်းမှာ ခြေစွမ်းမပြနိုင်ခဲ့ဘူးဆိုရင် တခြားတစ်ယောက်နဲ့ ခပ်စောစောပဲ လူစားလဲသင့်ပါတယ်။ ပွဲမပြီးခင် ၁၃ မိနစ်လောက်အလိုအထိ မစောင့်စေချင်ပါဘူး။ အဲဒီလိုအချိန်က ပွဲအပေါ် အကျိုးသက်ရောက်မှုရှိဖို့ အချိန်မလောက်ငတော့ပါဘူး”လို့ ဖာဒီနန်က သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှာ ဂျေဒန်ဆန်ချို၊ ကယ်လ်ဗက်လူဝင်တို့လို ကလပ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်ကစားသမားတွေက တစ်ပွဲမှ ကစားခွင့်မရသေးဘဲရှိနေပါတယ်။

7 months Ago
Up