မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို အိန္ဒိယအမျိုးသမီးလိဂ် လက်ရှိချန်ပီယံ Gokulam Kerala FC (GKFC) အသင်းက ကာလတိုစာချုပ်နဲ့ ခေါ်ယူလိုက်တဲ့ အကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
Gokulam Kerala FC အသင်းက လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပမယ့် AFC Women’s Club Championship ပြိုင်ပွဲအတွက် မြန်မာတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ခေါ်ယူတာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို အိန္ဒိယကလပ်အသင်းက လစာဘယ်လောက်နဲ့ ခေါ်ယူတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဝင်းသိင်္ဂီထွန်းဟာ မြန်မာအမျိုးသမီး ဘောလုံးသမားတွေထဲမှာ ပထမဆုံး ပြည်ပထွက်ကစားတဲ့ ကစားသမားဖြစ်ပါတယ်။
အိန္ဒိယလိဂ်ရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်သလို နိုင်ငံတကာအတွေ့အကြုံရှိတဲ့နည်းပြ၊ လက်ရွေးစင်အဆင့်ကစားသမားတွေရှိနေတဲ့ အသင်းကို ပြောင်းရွေ့ခွင့်ရတာ တကယ်ကို ဝမ်းသာမိတယ်လို့ ဝင်းသိင်္ဂီထွန်းက အဖွဲ့ချုပ်ရဲ့ ဝက်ဆိုက်မှာပြောထားပါတယ်။
“ ကစားသမား သက်တမ်းမှာ India အသင်း နဲ့ ၄ ကြိမ်ဆုံခဲ့ဖူးတယ်။ တစ်ကြိမ်ထက် တစ်ကြိမ်ပိုပြီး ခက်ခဲတဲ့ ပြိုင်ဘက်အဖြစ်တွေ့ခဲ့ရတာပါ။ အိန္ဒိယရဲ့ အမျိုးသမီးဘောလုံး တိုးတက်မှုက တကယ်ကို မြန်ဆန်ပါတယ်။ အသင်းဖော်တွေနဲ့အတူ အာရှအမျိုးသမီး ကလပ်ချန်ပီယံရှစ်မှာ အောင်မြင်မှုရဖို့ ကြိုးစားသွားမှာပါ။ ပြည်ပထွက် ကစားခွင့်ရတဲ့ ပထမဆုံး အမျိုးသမီး ဘောလုံးသမားဖြစ်လို့ ဝမ်းသာတယ်။ ဂုဏ်လည်းယူပါတယ်။ မြန်မာအမျိုးသမီး ဘောလုံးသမားတွေမှာ ပြည်ပထွက် ကစားနိုင်တဲ့ ခြေစွမ်းတွေ အရည်အချင်းတွေ ရှိတယ်။ ပထမဆုံး ထွက်ကစားရတာဖြစ်လို့ နောက်ကလိုက်လာမယ့် လူတွေအတွက်ပါ အစွမ်းကုန်ကြိုးစား ကစားသွားမှာပါ။” ပြောသည်။
အသက် (၂၆) နှစ်အရွယ် ဝင်းသိင်္ဂီထွန်းက အရှေ့တောင်အာရှ အမျိုးသမီး လက်ရွေးစင်အသင်းတွေထဲမှာ ထိပ်တန်းဂိုးသွင်းတဲ့ ကစားသမားတဦးဖြစ်ပြီး မြန်မာ့လက်ရွေး စင်အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၅၃ ဂိုး သွင်းယူပေးထားပါတယ်။
Gokulam Kerala FC အသင်းဟာ ၂၀၁၉-၂၀ အိန္ဒိယ အမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိ ထားတဲ့ အသင်းဖြစ်ပြီး အိန္ဒိယအမျိုးသမီးလက်ရွေးစင်ကစားသမား ၉ ဦး အသင်းမှာ ကစားနေသလို နီပေါနဲ့ အိုင်ဗရီကို့စ် ကစားသမားတစ်ဦးစီ ခေါ်ယူထားပါတယ်။