တိုက်စစ်မှူး ရှာကွီရီ

October 14, 2020

လီဗာပူးအသင်းမှ မထွက်ခွာဖြစ်သည့်အပေါ် တိုက်စစ်မှူး ရှာကွီရီ ရှင်းလင်း

လီဗာပူးအသင်းမှာ ဆက်နေသွားဖို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တိုက်စစ်မှူး ဇန်ဒန်ရှာကွီရီ ထုတ်ဖော်ပြောပါတယ်။  ရှာကွီရီဟာ ရာသီအပြောင်းအရွှေ့မှာ လီဗာပူးအသင်းကနေ ထွက်ခွာဖို့ တော်တော်လေး သတင်းကြီးခဲ့သူဖြစ်ပေမဲ့ အပြောင်းအရွှေ့ကာလ ပြီးဆုံးသွားချိန်အထိ အသင်းပြောင်းခြင်း မရှိခဲ့ပါဘူး။ အသက် ၂၈ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေ အများကြီးရှိခဲ့ပြီး လီဗာပူးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့အတွက် အာမခံချက်မရှိတဲ့ အခြေအနေမှာ အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ အခြေအနေကို ပရိသတ်တွေက သိချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမားဘက်ကတော့ အသင်းပြောင်းခွင့်မရရှိခဲ့ခြင်းအတွက် ပြဿနာမရှိကြောင်း ပြောခဲ့ပြီး ကလပ်အသင်းအတွက် ဖြစ်စေ၊ နိုင်ငံအသင်းအတွက်ဖြစ်စေ အခွင့်အရေးရရင် ရသလို ပေးဆပ်သွားဖို့ အာရုံစိုက်ထားတယ်လို့ပြောပါတယ်။ ရှာကွီရီဟာ မကြာသေးခင်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ရောဂါကနေ ပြန်လည်သက်သာလာတာကြောင့် ဂျာမနီနဲ့ ယှဉ်ပြိုင်မယ့် ဆွစ်ဇာလန်အသင်းရဲ့ UEFA Nations League ပွဲစဉ်အတွက် လူစာရင်းမှာ ပါဝင်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီပွဲစဉ်မတိုင်ခင် သတင်းသမားတွေနဲ့ တွေ့ဆုံရာမှာ ရာသီအပြောင်းအရွှေ့မှာ အသင်းမပြောင်းခဲ့ခြင်းနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ကြပြီး ကစားသမားကတော့ ဂျာမနီလို အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ပြင်ဆင်နေချိန်မှာ ကလပ်အသင်းနဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့အကြောင်းတွေကို မပြောသင့်ဘူးလို့ ဆိုပါတယ်။  “ကျနော်တို့ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါ့ကြောင့် ကျနော့်အနေနဲ့ ဒီပွဲအကြောင်းပဲ ပိုဖြေချင်ပါတယ်။ ဘောလုံးလောကမှာ ခန့်မှန်းမှုတွေနဲ့ ကစားသမားတွေရဲ့ အနာဂတ်နဲ့ပတ်သက်လို့ တွက်ဆမှုတွေဟာ အမြဲတမ်း ရှိနေပါတယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ကျနော်လည်း အနာဂတ်နဲ့ပတ်သက်လို့ စဉ်းစားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ဆွစ်ဇာလန်လက်ရွေးစင် တိုက်စစ်မှူးက ပြောပါတယ်။ ရှာကွီရီဟာ လီဗာပူးအသင်းကို စတုတ်စီးတီးအသင်းကနေ ၂၀၁၈ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ၄၂ ပွဲ ကစားပေးထားပါတယ်။
7 months Ago
Up