တိုက်စစ်မှူးများ

February 19, 2020

စပါးတိုက်စစ်မှူးများ၏ ဒဏ်ရာအခြေအနေအပေါ် မော်ရင်ဟို ထုတ်ဖော်ညည်းတွား

တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ ဘောလုံးပြန်ကစားနိုင်မယ်လို့ မထင်တော့ကြောင်းနဲ့ အသင်းရဲ့ ဒဏ်ရာရကစားသမားတွေ အခြေအနေဟာ ဒီထက်ပိုပြီး ဆိုးဝါးနိုင်စရာမရှိတော့ကြောင်း စပါး နည်းပြ မော်ရင်ဟိုက ထုတ်ဖော်ညည်းတွားလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် တောင်ကိုရီးယားလက်ရွေးစင် ကစားသမား ဆွန်ဟာ အက်စတွန်ဗီလာအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လက်မောင်းကျိုးတဲ့ဒဏ်ရာကို ရရှိခဲ့ပြီး အခုသီတင်းပတ်အတွင်းမှာ  ခွဲစိတ်မှုခံယူရမှာ ဖြစ်ပါတယ်။  စပါးစ်အသင်းဟာ ဆွန် မတိုင်ခင် အားထားရတဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကို ဆုံးရှုံးထားရပါတယ်။ ကိန်းဟာ တင်ပါးဒဏ်ရာကြောင့် ဇန်နဝါရီလကတည်းက အနားယူနေခဲ့ရသူ ဖြစ်ပါတယ်။  “ကျနော် ဒီရာသီအတွက် သူ့ကို ထည့်သွင်းမစဉ်းစားတော့ပါဘူး” လို့ ဆွန်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက ပြောပါတယ်။  ဆွန်ဟာ ဟယ်ရီကိန်း မရှိချိန်မှာ စပါးစ်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေတဲ့ ကစားသမား ဖြစ်ပြီးတော့ သူဟာ ဒဏ်ရာကြောင့် သီတင်းပတ်တချို့ အနားယူရတော့မယ်လို့ အသင်းဘက်က ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန်ပါတယ်။  “သူ ဒီရာသီရဲ့နောက်ဆုံး နှစ်ပွဲ၊ သုံးပွဲလောက် မီတယ်ဆိုရင်တောင် ဒါဟာ ကျနော်တို့ စပါးစ်အသင်းရဲ့ တာဝန်ရှိသူတွေ တော်လို့ပါပဲ။ ကျနော် သူ အခြေအနေကောင်းပါစေလို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာတော့ သူဟာ ဒီရာသီအတွင်းမှာ ပြန်ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ မှတ်ယူထားပါတယ်။ ကျနော်တို့ သူ့ကို သတိရနေပါတယ်။ အသင်းကတော့ သူ့ဒဏ်ရာနဲ့ပတ်သက်တဲ့အကြောင်းကို လှလှပပလေး ရေးသား ဖော်ပြခဲ့ပါတယ်။ ကျနော်သာ ဒီလို ရေးသားရမယ့်လူ ဆိုရင်တော့ ဒီဟာနဲ့မတူတဲ့ တခြားတမျိုးကို ရေးသားသွားမှာ” လို့လည်း မော်ရင်ဟိုက ပြောပါတယ်။ ဆွန်ရဲ့ဒဏ်ရာကြောင့် လက်ရှိ စပါးစ်အသင်းရဲ့တိုက်စစ်မှူးစာရင်းမှာ လူးကပ်စ်မော်ရာ၊ ဇန်နဝါရီလကမှ ခေါ်ယူထားတဲ့ စတီဗင်ဘော့ဝင်းနဲ့ လူငယ်တိုက်စစ်မှူး ထရိုင်ပါးရော့တို့သာ ကျန်ရှိတော့ပါတယ်။  ဒါ့အပြင် ပါးရော့ဟာ အသင်းကြီးမှာ ကစားဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ မော်ရင်ဟိုက ယူဆထားတာကြောင့် အားထားရတဲ့ တိုက်စစ် ကစားသမားဟာ နှစ်ဦးသာ ကျန်ရှိတော့မှာပါ။  “ကျနော်တို့အသင်းရဲ့ အခြေအနေက ဒီထက်ပိုပြီးဆိုးရွားစရာ မရှိတော့ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ဘာမှလည်း မတတ်နိုင်ပါဘူး။ ဒါကြောင့်ရှိတဲ့ လူစာရင်းနဲ့ပဲ ဖြစ်အောင် ကစားရတော့မှာ ဖြစ်ပါတယ်။ ကျနော်ဟာ အရင်တုန်းက အသင်းရဲ့အရန်လူစာရင်းမှာ တိုက်စစ်အတွက် လူစားလဲစရာ မရှိတော့မှာကို စိုးရိမ်ခဲ့ရပါတယ်။ အခုကျတော့ ကျနော်ဟာ ကွင်းထဲမှာရှိတဲ့ တိုက်စစ်ကစားသမားတွေအတွက်ပါ စိုးရိမ်နေရပါပြီ။ ထရိုင်ပါးရော့ဟာ အသင်းကြီးအတွက် အဆင်သင့် မဖြစ်သေးသလို ရွိုယ်ယန်ဆက်ဆဂ်နွန်ဟာလည်း တိုက်စစ်မှူး မဟုတ်ပါဘူး။ အခု ကျနော့်အတွက် တိုက်စစ်မှူး မရှိသလို အသစ်ခေါ်စရာ ဈေးကွက်လည်း မရှိပါဘူး။ ဘာဆိုဘာမှ မရှိပါဘူး။ ဒါ့ကြောင့် အခုချိန်မှာ ကျနော်တို့ကို ကူညီနိုင်တာဆိုလို့ အသင်းပရိသတ်တွေပဲ ရှိတော့တယ်” လို့လည်း မောရင်ဟိုက ပြောဆို ညည်းတွားပါတယ်။
1 year Ago

October 30, 2019

ဂျူဗင်တပ် တိုက်စစ်မှူးများ ဂိုးပေါက်ရှေ့တွင် ပိုမိုပါးနပ်မှုရှိရန်လိုအပ် 

အီတလီထိပ်သီး ဂျူဗင်တပ်အသင်း တိုက်စစ်မှူးတွေအနေနဲ့ ဂိုးပေါက်ရှေ့မှာ ပိုမိုပါးနပ်မှုရှိဖို့ လိုအပ်ကြောင်း အသင်းနည်းပြ ဆာရီက ပြောပါတယ်။ ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့တပတ်က လက်ချီအသင်းကို အနိုင်မကစားနိုင်ခဲ့ဘဲ တဂိုး သရေကျခဲ့ရတာပါ။ အဲဒီပွဲစဉ်မှာ စီရော်နယ်ဒို မပါဝင်ခဲ့တာကြောင့် ဂျူဗင်တပ်အသင်း ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး အခုထက်ပိုပြီး အဆုံးသတ်စွမ်းရည် ကောင်းမွန်လာဖို့ နည်းပြဆာရီက အလိုရှိနေတာ ဖြစ်ပါတယ်။ ဂိုးပေါက် ကန်သွင်းချက် နည်းပါးနေပြီး အဆုံးသတ်လည်း အားနည်းနေတာဟာ တခြား ကိစ္စတွေထက် စိတ်ပိုင်းဆိုင်ရာ အခြေအနေကြောင့်ဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ သေချာလေ့ကျင့်ပေးရဦးမှာ ဖြစ်ကြောင်း နည်းပြ ဆာရီက သုံးသပ်ပါတယ်။  ဂျူဗင်တပ်အသင်းဟာ စီးရီးအေ ၉ ပွဲမှာ ၇ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပြီး ရဂိုးစုစုပေါင်း ၁၆ ဂိုးပဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တခြားပြိုင်ဘက်တွေရဲ့ သွင်းဂိုး အရေအတွက်မှာတော့ အင်တာမီလန်က ၂၂ဂိုး၊ အက်တလန်တာက ၂၈ ဂိုးအထိ ဂိုးတွေ ရယူနိုင်ခဲ့ပါတယ်။
2 years Ago
Up