တိုက်ကြီးမြို့နယ်

June 20, 2020

တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးခဲ့သည့် တိုက်ကြီးမြို့နယ်က အိမ်ထောင်စုများကို ထောက်ပံ့

တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးတာ ခံခဲ့ရတဲ့ အိမ်ထောင်စုတွေကို   ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေနဲ့ စားနပ်ရိက္ခာတွေ ပေးအပ်ခဲ့ပါတယ်။ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ ပိုက်လုံးစုကျေးရွာနဲ့ ဆင်စခန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာတွေမှာ ဇွန် ၁၂ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် နေအိမ်နဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တဲ့ အိမ်ထောင်စု ၄ စုက မိသားစုဝင် ၁၂ ဦးတို့ကို ရန်ကုန်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲ့မှုဦးစီးဌာနက ဇွန် ၁၉ ရက်နေ့က ငွေနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့တာပါ။ ဖျက်ဆီးခံရတဲ့ နေအိမ်‌ ၄ လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၂ သိန်း၊ လူဦးရေ ၁၂ ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ ၂၅၂၀၀ ကျပ်နဲ့ ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုးကို ထောက်ပံ့ပေးခဲ့တယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ တိုက်ကြီးမြို့နယ်တွင်အတွင်းရှိ ကျေးရွာတွေမှာ တောဆင်ရိုင်းကြောင့် နေအိမ်တွေ၊ စပါး၊ ကြံနဲ့ စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးနေရပြီး လူသေဆုံးတာလည်း ရှိနေပါတယ်။ ယခင်က သဘာဝဘေးထောက်ပံ့မှုတွေ မရှိခဲ့ပေမဲ့ ၂၀၁၉ ခုနှစ်ကစတင်ပြီး ထောက်ပံ့မှုတွေ ရရှိခဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်းများကြောင့် တိုက်ကြီးမြို့ ဆင်စခန်းကျေးရွာမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆၊ ၉ နဲ့ ၁၅ ရက်နေ့တွေမှာ  နေအိမ် ၁၀ လုံး၊ ဥက္ကံမြို့ ကျွဲဘုတ်ကျေးရွာ အုပ်စု မီးလောင်ကုန်းကျေးရွာမှာ စက်တင်ဘာ ၂၄ ရက်နေ့က နေအိမ် ၁ လုံးနဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ နေအိမ် ၇ လုံး ပျက်စီးခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ  ၁၂ ရက်က ချင်းကုန်းကျေးရွာမှာ နေအိမ် ၉ လုံးနဲ့ လိမ္မော်ခြံကျေးရွာအုပ်စုမှာ ဇွန်လ ၁၂ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေက နေအိမ် ၄ လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ မေသွယ်
1 year Ago

June 17, 2020

တိုက်ကြီးမြို့နယ်ရှိ စိုက်ခင်းနှင့်နေအိမ်များကို တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီး (ရုပ်သံ)

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စုမှာ တောဆင် တစ်ကောင် ဇွန် ၁၂ ရက်နေ့ကစတင်ပြီး နေ့စဉ် အိမ်တွေကို ဝင်ရောက်ဖျက်ဆီးနေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ နေအိမ်ဖျက်ဆီးခံရတဲ့ ဦးစိုးမြင့်က “၁၂ ရက်ည ၁၂ နာရီကျော်အချိန်က ဝင်လာတယ်။ အိမ်အကာတွေကို ဖျက်ဆီးပြီး တဲမှာရှိတာတွေကို စားသောက်ဖျက်ဆီးသွားတယ်။ မောင်းထုက်လိုက်တော့ ဘေးနားက ခြံကိုဝင်သွားပြီး အိမ်ကိုပါ ဖျက်ဆီးသွားတယ်။ ခြံထဲမှာမနေရဲလို့ ရွာထဲမှာ ပြန်နေရတယ်။ ဒီမနက်  (၁၆ ရက်နေ့) ၈ နာရီ လောက်တခါပြန်ဝင်လာတယ်။ အိမ်အကာတွေဖျက်ဆီးပြီး အထဲက ပစ္စည်းတွေကို မွှေနှောက်သွားတယ်” လို့ ပြောပါတယ်။ ညဘက်အချိန်တွေမှာ ဝင်နေတာကြောင့် လူတွေအတွက်အန္တရာယ်ရှိနေတယ်လို့ နေအိမ်ဖျက်ဆီးခံရတဲ့ ဦးသန်းထွန်းက ပြောပါတယ်။  “အရင်နှစ်တွေထက် ဒီနှစ်ပိုင်းပိုဆိုးလာပြီး လူတွေကိုပါ အန္တရာယ်ပေးလာတဲ့အတွက် စိုးရိမ်နေရပြီး ဆင်တွေကြောင့် လူသေဆုံးတာတွေနဲ့ ထိခိုက်တာတွေပါရှိနေတယ်။ ဒါကြောင့်ဆင်တွေကို ထိန်းသိမ်းပေးစေချင်တယ်။” ဇွန် ၁၂ ရက်နေ့က (ဒေသခေါ်)ဂျစ်ကားအမည်ရှိ အဲဒီတောဆင်ဟာ လိမ္မော်ခြံကျေးရွာအုပ်စု၊ ပိုက်လုံးစုကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၃ လုံး ဖျက်ဆီးခဲ့ပါတယ်။ ဒီနောက် ကျေးရွာအနီးအနားမှာပဲ ဆက်နေပြီး ဇွန်လ ၁၆ ရက်နေ့မှာ ထပ်မံဝင်ရောက်ပြီး ဆင်စခန်းကျေးရွာအုပ်စုက နေအိမ် ၁ လုံးနဲ့ ပိုက်လုံးစုကျေးရွာက နေအိမ် ၁ လုံးကို ထပ်မံဖျက်ဆီးခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောပါတယ်။ “ဆင်က နေအိမ်တွေ ဖျက်ဆီးခဲ့ပြီး ကျေးရွာအနီးအနားမှာ ဆက်နေတာကြောင့် ရွာသားတွေနဲ့ မောင်းထုတ်နေရတယ်။ သစ်တောဦးစီးဌာနကို လာရောက်မောင်းပေးဖို့ အကူအညီတောင်းခံထားပါတယ်။ နေအိမ်ဖျက်ဆီးခံရတဲ့ မိသားစုဝင်တွေအတွက် မြို့နယ်အုပ်ချူပ်ရေးမှူးရုံးကို တင်ပြထားပါတယ်။” တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းတွေကြောင့် နှစ်စဉ် စပါး၊ ကြံနဲ့ အခြားစိုက်ခင်း ဧက ထောင်ချီ ဖျက်ဆီးခံနေရတာပါ။ ကျေးရွာတွေထဲဝင်ရောက်ပြီး နေအိမ်တွေကို ဖျက်ဆီးပြီး အစားအသောက်ရှာဖွေစားသောက်ကာ လူတွေကိုလည်း အန္တရာယ်ပေးတာတွေ ဖြစ်ပေါ်နေပါတယ်။  နှစ်စဉ် တောဆင်ရိုင်းကြောင့် လူသေဆုံးတာတွေ ရှိသလို့ ဒေသခံတောင်သူတွေလည်း လုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ မေသွယ်
1 year Ago
More News
Up