တိုက်ကြီးမြို့နယ် ကျေးရွာတချို့တွင် ဧရာဝတီမြစ်ရေ

December 5, 2017

တိုက်ကြီးမြို့နယ် ကျေးရွာစိုက်ခင်းများထဲ တောဆင်ရိုင်းများ ၀င်ရောက်ဖျက်ဆီး

  ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ထဲက စိုက်ခိုင်းတွေထဲ တောဆင်ရိုင်းတွေ ဝင်ရောက်ဖျက်ဆီးနေတာကြောင့် ရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ တောဆင်ရိုင်းတွေဟာ အုပ်စုလိုက် ဒါမှမဟုတ် တစ်ကောင်စ နှစ်ကောင်စ ရွာတွေထဲ ဝင်ရောက်ပြီး စိုက်ပျိုးထားတဲ့ စပါးခင်း၊ ကြံခင်းတွေအပြင် ရွာတွေထဲအထိ ဝင်ရောက်ဖျက်ဆီးနေတာဖြစ်ပါတယ်။ ဒေသခံ ကွမ်းသီးမြောင်ကျေးရွာက ဦးတင်အောင်မိုးက “အရင်က ဆင်တွေ ညဘက်ကို ဝင်တာ။ အခုဆို နေ့ဘက်တွေပါ ဝင်တာ။ ညဆိုလည်း မအိပ်ရဲဘူး။ သူတို့ အသံနားထောင်နေရတာ။ စပါးပေါ်ချိန်တို့၊ ကြံပေါ်ချိန်တွေဆို မပြန်တော့ဘူး။ အုပ်စုလိုက် ကြံခင်းတွေထဲမှာနေပြီး ညနေ ၅ နာရီလောက်ဆို ထွက်လာတယ်။ ရွာတွေနားက စပါးခင်းတွေ ကောက်စိုက်ပုံတွကို ဝင်စားတယ်။ ပြီးရင်ရွာထဲဝင်တယ်။ လူတွေ စိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေကို စားတယ်။ အိမ်ထဲမှာရှိတဲ့ ဆန်တို့ ငပိတို့ကိုလည်း စားတယ်။ အိမ်ကိုလည်း ဖျက်ဆီးတယ်။ လူတွေကတော့ အလွတ်ပြေးရတာပေါ့။ မလွတ်ရင်သေမှာလေ။ နင်းသတ်ခဲ့တာ။ အဲ့သူတို့ ဝင်လာတာကိုကြိုသိရင် ရွာသားတွေက ထွန်စက်တွေမောင်း၊ သံပုံးတွေတီး၊ ဆိုင်ကယ်မီးတွေ ဖွင့်ပြီး အသံပေး မောင်းထုတ်ရတယ်” လို့ ပြောပါတယ်။ တောဆင်ရိုင်းတွေက ရွာနဲ့အဝေးကြီး မသွားဘဲ ရွာနားမှာဘဲ နေနေတဲ့အတွက်  ရွာသားတွေဟာ ညနေ ၄ နာရီလောက်ဆို ရွာပြင်မထွက်ရဲကျတော့ဘဲ ညဘက်ဆိုလည်း ကောင်းကောင်းမအိပ်ရဘူးလို့ ဆိုပါတယ်။ စိုက်ခင်းစောင့်အမျိုးသမီး ဒေါ်စန်းအေးက “လူကတော့ ငြိမ်နေရတာပေါ့။ အသံမပေးရဲဘူး။ စိုက်ခင်းစောင့်တာအပြင် တောထဲမှာ တံမြက်စည်း ထိုးတယ်။ ဆင်တွေက အသံလုံတယ်။  ဒါပေမယ့် နားရွက်မငြိမ်ဘူး။ သူတို့က ခြံထဲကနေဝပ်ပြီး လူတွေကို ကြည့်နေတာ။ ဒါပေမယ့် နားရွက်က တဘုတ်ဘုတ်ရိုက်နေတော့ အဲ့အသံကို နားစွင့်ပြီး တောထဲဝင်ရတယ်။ သူတို့တွေ အခုလိုဖြစ်နေတော့ ကျမတို့လည်း လုပ်စားရတာ အဆင်မပြေဘူး။ သက်ဆိုင်ရာက တောဆင်ရိုင်းတွေကို ထိန်းသိမ်းပေးမယ်ဆိုရင် ကောင်းမယ်။ အခုက လူတွေပါ နှစ်တိုင်းအနင်းခံပြီး သေနေကြပါတယ်”လို့ ပြောပါတယ်။ ပဲခူးရိုးမတောထဲမှာ ၁၉၉၆ ခုနှစ်က တဘူးလှဆည် စတင်တည်ဆောက်တဲ့အချိန်က စတင်ပြီး တောဆင်ရိုင်းတွေ စားကျက်ပျောက်ဆုံးပြီး လူနေထိုင်တဲ့ ကျေးရွာတွေမှာ စိုက်ခင်းတွေကို ဝင်ရောက်စားသောက်ခဲ့တာ၊ လူနဲ့တိုးရင် အန္တရာယ်ပေးတဲ့အထိ ဖြစ်လာခဲ့ ပါတယ်။ ၁ နှစ်ကို လူ ၂ ဦးမှ ၃ ဦးအထိ ဆင်အနင်းခံသေဆုံးခဲ့တာတွေရှိခဲ့သလို ဆင်မုဆိုး တွေးကြောင့် နှစ်စဉ် တောဆင်ရိုင်းတွေသေဆုံးတာတွေလည်း ရှိနေပါတယ်။ သတင်း - မေသွယ်
4 years Ago

July 18, 2017

တိုက်ကြီးမြို့နယ် ကျေးရွာတချို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်နေသဖြင့် စာသင်ကျောင်းများ ပြောင်းရွှေ့

တိုက်ကြီးမြို့နယ် အဖျောက်မြို့ကျေးရွာတချို့မှာ ဧရာဝတီမြစ်ရေစတင်ဝင်ရောက်နေတဲ့အတွက် စာသင်ကျောင်းတွေပြောင်းရွေ့နေပြီး ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ စတင် လုပ်ဆောင်နေတယ်လို့ အဖျောက်မြို့မြို့မိမြို့ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။ အဖျောက်မြို့မြို့မိမြို့ဖတဦးဖြစ်သူ ဦးသန်းစိုးက “ပရဟိတအဖွဲ့တွေရယ် အုပ်ချုပ်ရေးပိုင်းရယ် မြို့မိမြို့ဖတွေ အခုမြစ်ရေဝင်တဲ့ကျေးရွာတွေကို သွားပြီးကြည့်နေပါတယ်။ လက်ရှိရေက ရေပေါ်သောင်ကျေးရွာအုပ်စုက ကျေးရွာတွေကို စတင်ဝင်နေပါပြီ။ အဖျောက်မြစ်ရေ စိုးရိမ်ရေ အမှတ်က ၃၅ ပေ ရှိပါတယ်။ ဒီနေ့ရေအမှတ်က ၃၄.၈ ပေရောက်နေပါပြီ။ ဒါကြောင့် ရေဘေး ကယ်ဆယ်ရေးစခန်းတွေဖွင့်ဖို့ကို အစည်းအဝေးတွေ ပြုလုပ်ပြီး ကြိုတင်ကာကွယ်ရေးတွေ ပြုလုပ်နေတယ်”လို့ ပြောပါတယ်။ ရှေ့သို့လှမ်းချီ ပရဟိတအဖွဲ့မှ ကိုအောင်ထွန်းလေးက “ကျနော်တို့ ပရဟိတအဖွဲ့အနေကတော့ အရင်နှစ်ရေဘေး ကယ်ဆယ်ရေးလုပ်တဲ့ အချိန်ကကျန်တဲ့ ရန်ပုံငွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ရေဘေးကြောင့် ရောက်လာမယ့်ပြည်သူတွေအတွက် အဖျောက်မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတယ်”လို့ ပြောပါတယ်။ အဖျောက်မြို့မှာ မြစ်ကမ်းထိန်းသိမ်းရေးတွေ လုပ်ဆောင်ကာ ရေဘေးကြိုတင်ကာကွယ်တာတွေ ပြုလုပ်နေပေမယ့်လည်း ရေပေါ်သောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေနဲ့ ပိတုန်းပိတ် ကျေးရွာ၊ အေးရွာကျေးရွာတွေမှာ ဧရာဝတီမြစ်ရေတွေ  စတင်ဝင်ရောက်နေပြီး အလယ်ကင်း ကျေးရွာ စာသင်ကျောင်းနဲ့ သဲရိုးကျေးရွာ စာသင်ကျောင်းမှာ ကျောင်းသား ၂၅၀ ကျော်ကိုတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့သင်ကြားတာတွေ ပြုလုပ်နေရတယ်လို့ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ၂၀၁၅ ခုနှစ်က စတင်ပြီး ဧရာဝတီမြစ်ရေနဲ့ လှိုင်မြစ်ရေ ဝင်ရောက်တဲ့အတွက် နှစ်စဉ်ရေကြီးတာတွေ ဖြစ်ပေါ်နေပြီး တိုက်ကြီးမြို့ အဖျောက်မြို့နဲ့ ဥက္ကံမြို့တွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း တိုက်ကြီးမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ အိမ်ထောင်စု ၁၉၀၀ ကို စောင့်ရှောက်ပေးခဲ့ပြီး စာသင်ကျောင်း ၂၀ ကို ယာယီပိတ်ထား ခဲ့ရပါတယ်။ သတင်း - မေသွယ်
5 years Ago
Up