တိုက်ကြီးမြို့နယ်တွင် ကြက်ဥ၊ ကြက်သားစားပွဲတော်နှင့်

August 30, 2017

တိုက်ကြီးမြို့နယ်တွင် ကြက်ဥ၊ ကြက်သားစားပွဲတော်နှင့် အရောင်းပွဲတော် ကျင်းပ

တိုက်ကြီးမြို့နယ် တိုက်ကြီးမြို့မှာ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှာ ကြက်ဥ၊ ကြက်သားစား ပွဲတော်နဲ့ ဈေးရောင်းပွဲတော်ကို သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာ တိုက်ကြီးမြို့နယ် ‘အောင်’ မွေးမြူရေးအစာဆိုင်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ တိုက်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒုဦးစီးမှူးဒေါက်တာအောင်သင်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ အခုလို လုပ်ရတဲ့ ရည်ရွယ်ချက်က မွေးမြူသူနဲ့ စားသုံးသူတွေ တိုက်ရိုက် ထိတွေ့ပြီး A(H1N1) နဲ့ (H5N1) ပတ်သက်ပြီး ကြက်မှာဖြစ်တဲ့ ရောဂါဟာ ကြက်မှာဖြစ်ပြီး လူကို မကူးစက်နိုင်ဘူး ဆိုတာကို သိရအောင်လို့ပါ။ အခုလို ပြုလုပ်ရခြင်းပါ။ နောက်ပြီး အခုဆို ကြက်သားဈေးနူန်းတွေက တအားကျနေတော့ ကြက်မွေးမြူသူတွေ အရှုံးပေါ်နေတဲ့အတွက် နောက်ပိုင်း ဈေးမှာ နေရာရှာပြီး သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာပါ။” တိုက်ကြီးမြို့မှာ ကြက်မွေးမြူသူ ဦးတောသားက “ကျနော်တို့ အရင်က ကြက် ၁ ပိဿာကို ၃၅၀၀ ကျပ်ဈေး ရောင်းရပါတယ်။ အခုက ၁ ပိဿာကို ၁၆၀၀ ဈေးပဲ ရပါတယ်။ အဲ့တော့ ကျနော်တို့ ကြက်အကောင် ၁၀၀၀ မွေးမြူတဲ့သူတွေမှာ အနည်းဆုံး ၂၅ သိန်း အရှုံးပေါ်နေပါတယ်။ ဒါကြောင့် အခုကျနော်တို့ တိုက်ကြီးမြို့နယ်မှာ ကြက်မွေးမြူသူ ၃၀ ကျော်ရှိပါတယ်။ အခု ကျနော်တို့ ကြက်ခြံသမားတွေက အရှုံးပေါ်နေပေမယ့် ဈေးကွက်မှာ ကြက်သားဈေးက ၄၀၀၀ အထက်မှာ ရှိနေပါတယ်”လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ A(H1N1) ရာသီတုပ်ကွေးရောဂါဟာ မြန်မာနိုင်ငံအတွင်း ပျံနှံ့နေပြီး ရောဂါပိုးတွေ့ရှိသူ ၈၈ ဦးရှိပြီး သက်သာလို့ ဆေးရုံကဆင်းသူ ၇၆ ရှိပြီးသေဆုံးသူ ၁၃ ဦးရှိပြီး ခုချိန်မှာတော့ A(H1N1) ရောဂါကို ထိန်းချုပ်နိုင်ပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သတင်း - မေသွယ်
4 years Ago
Up