တိုက်ကြီးတွင် တောဆင်ရိုင်းများ ဖျက်ဆီးမှုကြောင့် လူနေအိမ် ၃ လုံး ပျက်စီး

November 8, 2018

တိုက်ကြီးတွင် တောဆင်ရိုင်းကြောင့် နေအိမ်နှင့် ပြောင်းခင်းအချို့ ပျက်စီး

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ချင်ကုန်းကျေးရွာအုပ်စုမှာ နိုဝင်ဘာ ၇ ရက်နေ့ ၈ နာရီလောက်က ရာဘာစိုက်ခင်းအတွင်းရှိ နေအိမ်တလုံးနဲ့ ပြောင်းခင်းအချို့ကို  တောဆင်းရိုင်းတွေ ဖျက်ဆီးသွားတယ်လို့ ကျေးရွာပြည်သူတွေက ပြောပါတယ်။ ချင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက "အခုဖျက်တဲ့ တောဆင်ရိုင်းနာမည်က ဂျစ်ကားလို့ ခေါ်တယ်။ သူက တခြားဘယ်ကိုမှ မသွားဘူး။ ကျနော်တို့ရွာက စိုက်ခင်းတွေများတော့ ဒီနားတ၀ိုက်မှာပဲနေပြီး စိုက်ခင်းထဲဝင်စားလိုက်၊ နေအိမ်တွေတွေ့ရင် ၀င်ပြီးတော့ အိမ်ထဲမှာရှိတဲ့  ဆန်၊ ဆား၊ ငါးပိငါးခြောက်တွေကို ဝင်စားတတ်တယ်။ ဆင်စခန်းက တာဝန်ရှိသူတွေနဲ့ သစ်တော တာဝန်ရှိသူတွေက မကြာခဏ လာမောင်းပေးပါတယ်။ အခုလည်း ပြောင်းခင်းထဲ ဝင်စားရင်းနဲ့ နေအိမ်တွေ့လို့ ဝင်ရှာဖွေစားတာဖြစ်မယ်။ အိမ်ကတော့ တခြမ်းပျက်စီးသွားတယ်။ လူကတော့ မရှိလို့ ဘာမှာမဖြစ်ဘူး" လို့ပြောပါတယ်။ တိုက်ကြီးမြို့နယ်မှာ နှစ်စဉ် တောဆင်ရိုင်းဝင်ရောက်တဲ့အတွက် စိုက်ခင်းတွေနဲ့ ယာတဲတွေ ပျက်စီးဆုံးရှုံးတာတွေ၊ တောအတွင်း သွားလာနေတဲ့ သူတွေနဲ့ ထိပ်တိုက်တွေ့ဆုံတာတွေကြောင့် လူသေဆုံးတာတွေလည်း ရှိပါတယ်။ တောဆင်ရိုင်းတွေက တောထဲမှာ စားကျက်မရှိတဲ့အတွက် လူတွေစိုက်ပျိုးထားတဲ့ စိုက်ခင်း တွေဆီကို ရောက်လာသလို ဆင်သတ်မုဆိုး အန္တရာယ်တွေနဲ့လည်း ကြုံတွေ့နေရတာပါ။ အောက်တိုဘာ ၁၆ ရက်နေ့က တောဆင်ရိုင်းသတ်တဲ့ အုပ်ချုပ်ရေးမှူးပါဝင်တဲ့ ဆင်သတ်မုဆိုးအဖွဲ့ကို တိုက်ကြီးမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်နဲ့ ၄ နှစ်ကျော် အသီးသီး ချမှတ်လိုက်ပါတယ်။ သတင်း - မေသွယ်
3 years Ago

May 15, 2018

တိုက်ကြီးတွင် တောဆင်ရိုင်းများ ဖျက်ဆီးမှုကြောင့် လူနေအိမ် ၃ လုံး ပျက်စီး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ စမ်းရွာကျေးရွာအုပ်စုမှာ တောဆင်ရိုင်းတွေ ဝင်ရောက် ဖျက်ဆီးခဲ့တဲ့အတွက် လူနေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ ကျေးရွာနေသူတွေကပြောပါတယ်။ ရေအိုးစဉ်ကျေးရွာ အိမ်ဖျက်ခံရသူ ဒေါ်သန်းနွဲ့က “အခုလာတာက နှစ်ကောင်။ တကောင်က ငှက်ပျောပင်တွေစားနေတာ။ တကောင်က အသံမကြားရဘဲ အိမ်ကို တခါထဲဝင်အောင်းတာ။ ကျမတို့လည်း ပြေးချိန်မရလို့ တဲအောက်မှာ ပုန်းနေရတယ်။ ဆင်ကတော်တော်ကြီးတယ်။ မျိုးစပါးတွေကိုစားနေတုန်း ထွက်ပြေးပြီး လယ်ထဲက သစ်ပင်ပေါ် တက်နေရတယ်။ နောက်ရက်လည်းထပ်လာလို့ လင့်စင်ပေါ်တက်နေရပါတယ်"လို့ပြောပါတယ်။ စမ်းရွာကျေးရွာသား ဦးအောင်ကြိုင်ကတော့ “ကျနော်တို့ကျေးရွာတွေကို ၂၀၀၆ ခုနှစ်က စပြီး တောဆင်ရိုင်းတွေ ဝင်ရောက်လာတာပါ။ အကောင် ၂၅ ကောင်လောက် အုပ်စုလိုက် လာတက်သလို တကောင် နှစ်ကောင်စီလည်း လာတယ်။ အရင်ကတော့ လူတွေ အိမ်တွေကို ဘာမှမလုပ်ဘဲ စိုက်ခင်းတွေကိုသာ ဝင်စားသွားတာပါ။ နောက်ပိုင်းကျတော့ အိမ်တွေကို ဝင်ဖျက်အိမ်ထဲမှာရှိတဲ့ ရိက္ခာတွေကို ဝင်စားပြီး လူတွေကိုပါ အန္တရာယ်ပေးလာပါတယ်။ ကျနော်တူလေးတယောက်ဆို တောဆင်ရိုင်း အနင်းခံရပြီး သေသွားတာပါ။ အခုရက်ပိုင်းမှာ တခြားကျေးရွာတွေမှာလည်း တောဆင်ရိုင်း ဝင်ဖျက်ဆီးခံနေရတယ်လို့ ကြားနေရပါတယ်" လို့ပြောပါတယ်။ တိုက်ကြီးမြို့နယ်မှာ တောဆင်ရိုင်းတွေ ဝင်ရောက်ပြီး လူတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို ဝင်ရောက်စားသောက်တာ၊ အိမ်ရှိ ရိက္ခာတွေကို ဝင်ရောက်ဖျက်ဆီးစားသောက် တာတွေ ဖြစ်ပေါ်နေပြီး လူကိုပါနင်းသတ်တာတွေ ဖြစ်ပေါ်နေပါတယ်။ သတင်း၊ ဓာတ်ပုံ - မေသွယ်
3 years Ago
Up