တိုက်ပွဲ (ရုပ်သံ)

September 30, 2017

ဂျာဂွါကျားသစ်မနှင့် ဧရာမမိကျောင်းကြီးတကောင်ကြား အသက်လုတိုက်ပွဲ (ရုပ်သံ)

by dvburma ဂျာဂွါကျားသစ်တွေဟာ မိကျောင်းတွေကို အမဲလိုက် တိုက်ခိုက်မယ်ဆိုရင်တောင် သေးငယ်တဲ့ အရွယ်အစားနဲ့ အလတ်စားအရွယ်ရှိတဲ့ မိကျောင်းတွေကို တိုက်ခိုက်လေ့ရှိကြမှာ ဖြစ်ပေမယ့် ဒီအဖြစ်အပျက်ကတော့ တကယ့်ကို ရှားတောင့်ရှားပါးပါပဲ။ ဒီပုံတွေမှာတော့ ဂျာဂွါကျားသစ်အမတကောင်ဟာ ဧရာမမိကျောင်းကြီးတကောင်နဲ့ ဘရာဇီးနိုင်ငံ တောနက်ကြီးတခုတွင်းမှာ အသက်လု တိုက်ခိုက်ခဲ့ကြတာကို တွေ့ရမှာပါ။ အချိန်မိနစ် ၂၀ လောက်အတွင်းမှာ ဂျာဂွါကျားသစ်ဟာ မိကျောင်းကြီးနဲ့ လုံးထွေး သတ်ပုတ်နေခဲ့တာကို သားရိုင်းတိရစ္ဆာန်အထူးပြု ဓာတ်ပုံဆရာတဦးဖြစ်တဲ့ ခရစ္စဘရမ်စကေးလ်က ရိုက်ယူထားခဲ့တာပါ။ ဒီအဖြစ်အပျက်ဖြစ်ခဲ့တဲ့ နေရာကတော့ မေတိုဂရော့စ်ဆိုပြည်နယ်၊ ညီနောင်သုံးဖော်မြစ်အတွင်းမှာ စက်တင်ဘာ ၂၆ ရက်နေ့က ဖြစ်ခဲ့တာလို့ သည်ဆန်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ခရစ္စရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ “အချိန်တနာရီကျော်လောက်ကြာအောင် ကျနော်တို့ ကျားသစ်နောက်ကို လိုက်ခဲ့ကြတယ်။ သူဟာ ကုန်းနေရှဥ့်အုပ်စုလို သတ္တဝါအုပ်စုတစုနောက်လိုက်ရင်း မအောင်မြင်ခဲ့ဘဲ ရေစပ်တလျှောက် သွားနေချိန်မှာ မိကျောင်းကို တွေ့ခဲ့ပြီး ခုန်အုပ်တိုက်ခိုက်ခဲ့တာ” လို့ ရေးခဲ့ပါတယ်။ ကျားသစ်ဟာ မိကျောင်းကြီးကို အချိန်တော်တော်ကြာ တိုက်ခိုက်ခဲ့အပြီးမှာ သူတို့ရဲ့ တိုက်ခိုက်မှုသင်္ကေတဖြစ်တဲ့ မိကျောင်းရဲ့ ကျောပြင်ကို ကိုက်ချီကာ တရွတ်ဆွဲခေါ် ဆောင်သွားခဲ့တာပါ။ “သူတို့ ၂ ကောင် တိုက်ခိုက်နေချိန်အတွင်းမှာ ကျနော် တကယ့်အံ့သြစရာပုံကောင်းတွေ ရိုက်ယူထားနိုင်ခဲ့တယ်။” ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း တောင်အမေရိကနိုင်ငံ တနိုင်ငံမှာ အလေးချိန်ပေါင် ၂၂၀ ရှိတဲ့ ဂျာဂွါကျားသစ်တကောင်ဟာ မိကျောင်းတကောင်ကို တိုက်ခိုက်သတ်ဖြတ်ခဲ့ပါသေးတယ်။ မိကျောင်းတွေဟာ ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀ နီးပါးလောက်ကစပြီး မိကျောင်းသားရေ ထုတ်ကုန်ပစ္စည်းဈေးကွက် တွင်ကျယ်လာမှုကြောင့် သတ်ဖြတ်ခြိမ်းခြောက်မှုတွေ ခံနေခဲ့ရတာပါ။ ဘရာဇီးနိုင်ငံမှာတော့ မိကျောင်းသားရေ ကုန်သွယ်မှု တားမြစ်ထားတဲ့ ဥပဒေနဲ့ တားမြစ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up