တိုက်ပွဲဖြစ်ပွား

April 21, 2019

လစ်ဗျားနိုင်ငံတွင် အကြီးအကျယ် တိုက်ပွဲဖြစ်ပွား

လစ်ဗျားနိုင်ငံရဲ့ မြို့တော်ထရီပိုလီရဲ့ တောင်ပိုင်းက အယ်လ်ခယ်လာ ဒေသမှာ နိုင်ငံတကာ အသိအမှတ်ပြု လစ်ဗျားအစိုးရကို သစ္စာခံတဲ့တပ်တွေနဲ့ နိုင်ငံအရှေ့ပိုင်းက ဗိုလ်ချုပ်ကြီး ခါလီဖှာဟဲ့ဖ်တာကို သစ္စာခံတဲ့ တပ်တွေကြား ဧပြီ ၂၀ ရက်က အကြီးအကျယ် တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ဧပြီ ၃ ရက်ကစပြီး ထရီပိုလီမြို့ကို ထိုးစစ်ဆင်ခဲ့တဲ့ ဟဲ့ဖှ်တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီသီတင်းပတ် အစောပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ် ပြောဆိုခဲ့ပါတယ်။ လစ်ဗျားရေနံရင်းမြစ် လုံခြုံရေးနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ ဗိုလ်ချုပ်ကြီး ဟဲ့ဖှ်တာရဲ့ သိသာထင်ရှားတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတယ်လို့ အမေရိကန်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကိုထောက်ခံသူတွေ အားတက်ခဲ့ပေမယ့် သူ့ကို ဆန့်ကျင်သူတွေ ဒေါသထွက်ခဲ့ပါတယ်။ ကုလသမဂ္ဂက အပစ်အခတ်ရပ်စဲဖို့ ဆော်သြနေပေမယ့် အနောက်အင်အားကြီး နိုင်ငံတွေနဲ့ ပင်လယ်ကွေ့ နိုင်ငံတွေက ထရီပိုလီမြို့ကို သိမ်းပိုက်ရေး ဟဲ့ဖှ်တာရဲ့ ထိုးစစ်အပေါ် သဘောထား ကွဲလွဲနေကြပါတယ်။ ဟဲ့ဖှ်တာရဲ့ လစ်ဗျားအမျိုးသား တပ်မတော် LNA က ထိုးစစ်ဆင်နေပေမယ့် မြို့တော် အခြေစိုက်တပ်ရဲ့ တောင်ဘက် ကာကွယ်ရေးစည်းကို မထိုးဖောက် နိုင်သေးပါဘူး။ စနေနေ့က အရင်နေ့တွေထက်ပိုပြီး အမြောက်သံက ပိုကျယ်သလို အကြိမ်ရေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောခဲ့ပါတယ်။
3 years Ago

October 8, 2017

မန်တုံတွင် တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်၊ မန်တုံမြို့နယ်၊ မန်ဆာကျေးရွာနဲ့ ခိုင်အော်ကျေးရွာကြားမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) နဲ့ မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက်ခံ ခမရ (၃၀၁) ခလရ (၁၀) ပူးပေါင်းတပ်ဖွဲ့တို့ မနေ့နေ့ခင်းပိုင်းကနေ ညနေ ၅ နာရီလောက်အထိ အပြင်းအထန် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မြန်မာ့တပ်မတော်ဟာ နမ့်ဟိုင်းရွာဘက်ကနေ အင်အား ၂၀၀ ကျော်နဲ့ တအာင်းတပ်မတော် တည်ရှိရာ မန်ဆာရွာဘက်ကို  ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့်  နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရတာလို့  တအန်းတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲကြောင့် နှစ်ဖက် ကျဆုံးဒဏ်ရာရမှုအခြေနေတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
4 years Ago
Up