တိုက်ပွဲအတွင်း

February 3, 2018

တိုက်ပွဲအတွင်း ဆီးရီးယားက ကလိုရင်းဓာတ်ငွေ့ အသုံးပြုမှုအပေါ် အမေရိကန် စိုးရိမ်

မကြာသေးခင်က ဆီးရီးယားနိုင်ငံ ဂူထာမြို့အရှေ့ပိုင်းမှာ တိုက်ပွဲဖြစ်ပွားရာမှာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက ကလိုရင်းဓာတ်ငွေ့ အသုံးပြုခဲ့တဲ့ကိစ္စအပေါ် အလွန်အမင်း စိုးရိမ်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြုလုပ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရ အမျိုးသမီး ဟယ်သာနောင်းဝပ်က  “ကျမတို့ အလွန်ဂရုတစိုက်နဲ့ စောင့်ကြည့်နေပါတယ်။ အမေရိကန်အနေနဲ့  မြို့တော်ဒမတ်စကတ် အစွန်အရှေ့ ဂူထာမှာရှိတဲ့ အပြစ်မဲ့ အရပ်သားတွေကို ဆီးရီးယားအစိုးရက ကလိုရင်းဓာတ်ငွေ့သုံးပြီး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်မိပါတယ်။ ဒီသတင်းအမှန်ဆိုရင် အရှေ့ဂူထာမှာ ဒီလိုတိုက်ခိုက်မှုမျိုးကို ပြီးခဲ့တဲ့ တလအတွင်း ၃ ကြိမ်မြောက် တိုက်ခိုက်တဲ့ သတင်းဖြစ်ပါတယ်။ ကျမတို့အနေနဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အလွန်အလေးအနက်ထားပြီး၊  ဒီသတင်းနဲ့ပတ်သက်တာကို စုံစမ်းစစ်ဆေးဖို့  လက်တွေမြေပြင်မှာရှိတဲ့  ကျမတို့ မိတ်ဖက်တွေနဲ့ လက်တွဲအလုပ်လုပ်နေပါတယ်။” လို့ ပြောပါတယ်။ “ဆီးရီးယားအပေါ် ရုရှားရဲ့ လွှမ်းမိုးမှုရှိတာ အလွန်ရှင်းပါတယ်။ ဒါပေမယ့် ရုရှားက မှားယွင်းတဲ့ ရွေးချယ်မှုကိုပဲ လုပ်နေတာပါ။ ရုရှားဟာ သူတနိုင်ငံတည်းမှာပဲရှိတဲ့ ဆီးရီးယားအပေါ် လွှမ်းမိုးနိုင်စွမ်းကို အသုံးမပြုဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့တာပါ။ နောက်ပြီး ဆီးရီးယားအစိုးရက ဆီးရီးယားပြည်သူတွေကို ဓာတုလက်နက်စတဲ့လက်နက်တွေနဲ့ တိုက်ခိုက်တဲ့ကိစ္စကို ခွင့်ပြုဖို့ ရုရှားက ရွေးချယ်လိုက်တာပါ။ ပြောရရင်တော့ လုံးဝ ကျင့်ဝတ်သိက္ခာနဲ့ မညီတဲ့လုပ်ရပ်ပါ။ ကျမတို့ တွေ့နေရတာက ဒုက္ခသည် ၁၂ သန်းလောက် ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း တိုင်းပြည်ကနေ နှင်ထုတ်နေတဲ့ ကိစ္စဟာ အလွန်စိုးရိမ်ထိတ်လန့်စရာ ကောင်းပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟယ်သာနောင်းဝပ်က ပြောပါတယ်။
4 years Ago
Up