တိုက်စစ်မှူး နေမာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပီအက်စ်ဂျီ ခေါ်ယူ

August 4, 2017

တိုက်စစ်မှူး နေမာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပီအက်စ်ဂျီ ခေါ်ယူ

ဘာစီလိုနာတိုက်စစ်မှူး နေမာကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီး ၅ နှစ်စာချုပ် ခေါ်ယူလိုက်ပါတယ်။ ပြောင်းရွှေ့ကြေးဟာ ယူရို ၂၂၂ သန်း (အမေရိကန်ဒေါ်လာ ၂၆၃ သန်း) အထိ စံချိန်တင် ပေးခဲ့ရတာပါ။ နေမာဟာ လုပ်ခလစာအဖြစ် တပတ်ကို ပေါင် ၇ သိန်း ၈ သောင်းကျော် ရရှိမှာပါ။ အသက် ၂၅ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး နေမာကတော့ ပီအက်စ်ဂျီအသင်းရဲ့ ရည်မှန်းချက် ကြီးမားမှုတွေက ပြောင်းရွှေ့ဖို့အတွက် ဆွဲဆောင်မှု ဖြစ်စေတယ်လို့ ပြောပါတယ်။ နေမာဟာ ဘာစီလိုနာအသင်းကို ၂၀၁၃ မှာ ရောက်ရှိပြီး ၄ ရာသီအတွင်း ၆၈ ဂိုး သွင်းယူထားပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ထိ ရောက်ခဲ့ပါတယ်။ ကာတာ စီးပွားရေးလုပ်ငန်းရှင်တွေက ပီအက်စ်ဂျီအသင်းကို ၂၀၁၁ မှာ ဝယ်ယူပြီး နောက်ပိုင်းမှာ နာမည်ကြီးကစားသမား တော်တော်များများကို ခေါ်ယူမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူးမှာ ၄ နှစ်ဆက်တိုက် ချန်ပီယံဆုကို ရယူထားပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ဘရာဇီးကစားသမားတွေဖြစ်တဲ့ သီယာဂို ဆေးဗား၊ လူးကပ်စ် မိုရာ၊ မာကွင်ဟိုစ်၊ ဒါနီ အဲဗက်စ်တို့နဲ့အတူ ကစားခွင့်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up