တိုက်ခိုက်မှု

June 16, 2019

ရေနံတင်သင်္ဘောများ တိုက်ခိုက်မှု အစိုးရအထောက်အပံ့ပါဟု ယူအေအီး ပြော

ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောတွေကို မေလ ၁၂ ရက်က တိုက်ခိုက်မှုထဲမှာ အစိုးရ အထောက်အပံ့ ပါနေတယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ်အဗ်ဒူလာဘင်ဇာယဒ်အယ်လ်နာယန်က ဇွန်လ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။ ဘယ်နိုင်ငံ ဆိုတာကိုတော့ သူက အတိအကျ နာမည်တပ် မပြောခဲ့ပါဘူး။ အဲဒီနေရာမှာပဲ ဇွန်လ ၁၃ ရက်က တခြား ရေနံတင်သင်္ဘော ၂ စီး တိုက်ခိုက်ခံခဲ့ရပေမယ့် သူက ထည့်မပြောခဲ့ပါဘူး။ ဆိုက်ပရပ်စ် နိုင်ငံခြားရေးဝန်ကြီးနဲ့ အစည်းအဝေးအပြီးမှာ အယ်လ်နာယန်က သတင်းထောက်တွေကို ယူအေအီးနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တာပါ။ သူ့နိုင်ငံဟာ တိုက်ခိုက်တဲ့ နိုင်ငံကို နာမည်မတပ်ပေမယ့် အစိုးရ ထောက်ပံ့တဲ့ တိုက်ခိုက်မှုသာ ဖြစ်နိုင်တယ်လို့ အယ်လ်နာယန်က ပြောပါတယ်။ မေလနဲ့ ဇွန်လ တိုက်ခိုက်မှု ၂ ရပ်စလုံး နောက်ကွယ်မှာ အီရန်က ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်အစိုးရက ပြောပြီး အီရန် အစိုးရကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ မေ ၁၂ ရက်က ဆော်ဒီ ရေနံတင်သင်္ဘော ၂ စီး၊ ယူအေအီး  သင်္ဘော ၁ စီးနဲ့ နော်ဝေ ရေနံတင်သင်္ဘော ၁ စီးတို့ဟာ ကမ္ဘာ့အဓိက ပင်လယ်ရေကြောင်းလမ်းပေါ်မှာ တိုက်ခိုက်ခံရပါတယ်။ ထိခိုက်သေဆုံးသူ မရှိပေမယ့် အမေရိကန်နဲ့ အီရန်ကြား တင်းမာနေတဲ့ အခြေအနေကို မီးလောင်ရာ ဆီလောင်းသလို ဖြစ်ခဲ့ပါတယ်။
2 years Ago

January 19, 2019

ရဲသင်တန်းကျောင်းတိုက်ခိုက်မှု သူပုန်ခေါင်းဆောင်များကို ဖမ်းဆီးပေးရန် ကျူးဘားထံ ကိုလံဘီယာ တောင်းဆို

ကိုလံဘီယာရဲသင်တန်းကျောင်း တိုက်ခိုက်ခံရမှုအတွက် တာဝန်ရှိတဲ့ ELN သူပုန်ခေါင်းဆောင် ၁၀ ယောက်ကို ဖမ်းဆီးပေးဖို့ ကိုလံဘီယာသမ္မတ အီဗန်ဒူကေးက ကျူဘားအစိုးရကို  ဇန်န၀ါရီ ၁၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ အဆိုပါ သူပုန်ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လောလောဆယ် ဟာဗားနားကို ရောက်ရှိနေတာဖြစ်ပါတယ်။ ရဲသင်တန်းကျောင်း တိုက်ခိုက်ခံရမှုကြောင့် သူပုန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မကြာခင် ပြန်စဖို့ မဖြစ်နိုင်သလောက် ဖြစ်ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်က အစွန်းရောက် ဘာသာရေးဆရာတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ ELN သူပုန်အဖွဲ့ကတော့ ရဲသင်တန်းကျောင်း ကားဗုံးခွဲမှုကို သူတို့လုပ်တယ်လို့ မထုတ်ပြန်ပါဘူး။ အဲဒီ သူပုန်အဖွဲ့မှာ တိုက်ခိုက်ရေးသမား ၂,၀၀၀ အထိရှိပြီး အမေရိကန်နဲ့ အီးယူတို့က အကြမ်းဖက်အဖွဲ့အစည်းဆိုပြီး သတ်မှတ်ထားတာပါ။ ပြီးခဲ့တဲ့ ကိုလံဘီယာသမ္မတ ဆန်းတို့စ်လက်ထက်မှာ သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး စတင်ခဲ့ပေမယ့် လက်ရှိသမ္မတ ဒူကေး လက်ထက်မှာတော့ ဓားစာခံ ၁၆ ဦးနဲ့ တိုက်ခိုက်မှုတွေကို မရပ်မချင်း ဆွေးနွေးပွဲကို ရပ်ထားမယ်လို့ ပြောခဲ့ပါတယ်။ ဇန်န၀ါရီ ၁၇ ရက်နေ့ ကားဗုံးခွဲ တိုက်ခိုက်မှုဟာ ၁၆ နှစ်နီးပါးအတွင်း အဆိုးရွားဆုံးဖြစ်ပြီး   လူ ၂၁ ဦးသေဆုံးကာ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ပါတယ်။
2 years Ago
More News
Up