တိရိစ္ဆာန် ၁၀၆ မျိုးအတွက်

June 16, 2018

တိရစ္ဆာန် ၁၀၆ မျိုးအတွက် နိဗ္ဗာန်ဘုံဖြစ်လာသည့် ကိုရီးယားစစ်မဲ့ဇုန်

ကိုရီးယားစစ်မဲ့ဇုန် (DMZ) အတွင်း လူအသွားအလာနည်းပါးခြင်းက မျိုးသုဉ်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရှားပါးတိရစ္ဆာန်ပေါင်း ၁၀၆ မျိုးအတွက် ငြိမ်းချမ်းစွာနားခိုနိုင်တဲ့ ဧရိယာတခုကို ဖြစ်စေကြောင်း တောင်ကိုရီးယားအစိုးရက ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။ စစ်မဲ့ဇုန် (DMZ) ကို ၁၉၅၃ ခုနှစ်က ဖန်တီးခဲ့တာဖြစ်ပြီး စစ်မဲ့ဇုန်ကြောင့် ကိုရီယားနစ်နိုင်ငံကြား စစ်ပွဲ အပစ်အခတ်ရပ်စဲရေးရရှိခဲ့ကာ ကိုရီးယားကျွန်းဆွယ်လည်း နှစ်ပိုင်းကွဲခဲ့ရပါတယ်။ “DMZ ဖန်တီးအပြီး နှစ်ပေါင်း ၆၀ ကြာပြီးတဲ့အချိန်မှာ နှစ်နိုင်ငံကြား သံဆူးကြိုး ကာရံထားတဲ့ ဝင်ရောက်ခွင့်မရှိတဲ့ နယ်မြေက သဘာဝနဲ့ သက်ရှိတွေအတွက် အံ့သြသင့်ဖွယ် နယ်မြေတခုကို ဖြစ်ပေါ်စေပါတယ်။ ဒီနယ်မြေဟာ သမင်၊ တောင်ဆိတ်၊ ငန်း၊ လင်းယုန်နဲ့ ဖျံတွေအပါအဝင် မျိုးသုန်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်ပေါင်း ၁၀၆ မျိုးနဲ့ အဆိပ်ရှိတဲ့ ပန်းမန်သစ်ပင်၊ တိရစ္ဆာန်တွေအတွက် နားခိုရာတခု ဖြစ်လို့လာပြီလို့လည်း ဒီကြေညာချက်မှာ လဲပါဝင်ပါတယ်။ DMZ ဟာ အောက်တိုဘာလ အစောပိုင်းမှာလည်း ကမ္ဘာတ၀န်းလုံးက ရှားပါးတဲ့ ရွှေ့ပြောင်းငှက်တွေ လာရောက်နားခိုရာနေရာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တိရစ္ဆာန်များအတွက် နားခိုရာဘေးမဲ့တောအဖြစ်ပြောင်းလဲလာတဲ့ DMZ ထဲက စိမ့်မြေအများစုဟာ ကိုရီးယားစစ်ပွဲမတိုင်ခင်က စိုက်ပျိုးလို့ ရတဲ့ လယ်ယာမြေတွေ ဖြစ်ခဲ့တယ်လို့လည်း Smithsonian မဂ္ဂဇင်းမှာ ဖော်ပြပါတယ်။ DMZ ကို နိုင်ငံတကာရဲ့ အထောက်အပံ့တွေနဲ့အတူ ယူနက်စကိုအသိအမှတ်ပြု ဘေးမဲ့တောတခုဖြစ်လာစေရေး ဆောင်ရွက်သင့်တယ်လို့လည်း ဆိုးလ်အခြေစိုက် သတင်းစာတစောင်က ဖော်ပြပါတယ်။ DMZ ကို သဘာဝရှေးဟောင်း အမွေအနှစ်အဖြစ် ထိန်းသိမ်းထားဖို့ တောင်ကိုရီးယား အစိုးရက ကြိုးပမ်းခဲ့ဖူးပေမယ့် မြောက်ကိုရီးယားဘက်က ကန့်ကွက်ခဲ့တယ်လို့လည်း Dong-A Ilbo သတင်းမှာ ဖော်ပြပါတယ်။ သတင်းအရ ကိုရီးယားကျွန်းဆွယ်မှာရှိတဲ့ ရှားပါးတိရစ္ဆာန် ၂၆၇ မျိုးမှ ၃၇ ဒသမ ၈ ရာခိုင်နှုန်းဟာ DMZ အတွင်းမှာ ရှင်သန်နေထိုင်တယ်လို့ သိရပါတယ်။
3 years Ago
Up