တိရစ္ဆာန်ဆေးကုဆရာဝန်

A d v e r t i s e m e n t With Us

May 21, 2019

ထိုင်းတွင် တိရစ္ဆာန်ဆေးကု ဆရာဝန်က မွေးလူနာကို ကူညီမွေးဖွားပေးသည့်ရုပ်သံ ရေပန်းစား

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဆောက်လုပ်ရေး အလုပ်သမား တန်းလျားရှိ မွေးလူနာတယောက်ကို အနီးရှိ တိရစ္ဆာန်ဆေးကု ဆရာဝန်မက အရေးပေါ် ကူညီ မွေးဖွားပေးလိုက်တဲ့ ရုပ်သံ ရေပန်းစားပြီး အဲဒီဆရာဝန်မလေးကိုလည်း ချီးကျူးနေကြပါတယ်။ ဘန်ကောက် တလိန်ချန်းနယ်မြေ ချိမ်းဖရီလမ်းထဲရှိ ဆောက်လုပ်ရေး အလုပ်သမား တန်းလျားတခုမှာ ပြီးခဲ့တဲ့ မေလ ၁၉ ရက် ည ၇ နာရီလောက်က ကိုယ်ဝန်ဆောင်မိခင်တဦး ဆေးရုံသွားဖို့ တက္ကစီကားခေါ်ပေမယ့် တက္ကစီကားက ရပ်မပေးလို့ ကလေးမီးဖွားဖို့ အခက်အခဲ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အနီးရှိ တိရစ္ဆာန်ဆေးကုခန်းတခုကို သွားရောက် အကူအညီတောင်းခဲ့ပြီး ဆရာဝန်မလေးက သွားရောက်ကူညီ မွေးဖွားပေးခဲ့ပုံကို Min K Wg ဆိုသူ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်တဦးက သူ့ရဲ့ လူမှုကွန်ရက်ပေါ် တင်ထားတာ ဝင်ရောက်ကြည့်ရှု အားပေးသူပေါင်း သိန်းနဲ့ချီသွားပါတယ်။ တိရစ္ဆာန်ဆေးကု ဆရာဝန်ဖြစ်ပေမယ့် ခွဲခြားမှုမရှိဘဲ အရေးပေါ်ချိန်မှာ ကလေးကို အောင်မြင်စွာ ကူညီမွေးဖွားပေးနိုင်သူ အဖြစ်လည်း ချီးကျူးနေကြပါတယ်။ သတင်းဌာနတွေက အဲဒီဆရာဝန်မလေးကို ဆက်သွယ်မေးမြန်းရာမှာ ဆရာဝန်မလေးဟာ အသက် ၃၄ နှစ်ရွယ်ရှိ ဒေါက်တာဝါရီယ လိုင့်ရုန့်ကျုံး ဆိုသူဖြစ်ပြီး အဲဒီညက အကူအညီ လာတောင်းတာနဲ့ လက်အိပ်စွပ်ပြီး ချက်ချင်းလိုက်သွားခဲ့တယ်၊ သူရောက်သွားချိန် ကလေးက အပြင်ကို ထွက်လာနေပြီးဖြစ်ပေမယ့် မလှုပ်မရှား ရေမြွှာတွေနဲ့ ပိတ်ဆို့နေလို့ ဆေးခန်းကို ခေါ်ခဲ့ပြီး ရေမြွှာတွေဖယ်ထုတ်၊ ပါးစပ်ထဲက အကျိအချွဲတွေ စုပ်ထုတ်လိုက်မှ ကလေးငိုသံ ထွက်လာတယ်၊ အဲဒီနောက် အရေးပေါ်ကယ်ဆယ်ရေးကားလည်း ရောက်လာပြီး ကလေးကို အောက်ဆီဂျင်တွေ သွင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ တိရစ္ဆာန်တွေကိုသာ မွေးပေးတဲ့ အတွေ့အကြုံရှိပြီး လူကို မမွေးပေးဘူးပေမယ့် အဲဒီ အရေးပေါ်ချိန်မှာ ကလေးအသက်ရှင်ဖို့ တခုတည်းသာ အာရုံရှိနေခဲ့ကြောင်း၊ လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ်  ကလေးက သူ့ဘာသာသူ ထွက်ကျလာရင် ရေမြွှာတွေကို အချိန်မီ မဖယ်ရှားနိုင်ဘူးဆိုရင် အသက်မရှူနိုင်ဘဲ သေဆုံးသွားနိုင်ကြောင်း၊ ကလေးမှာ ယောက်ျားလေးဖြစ်ပြီး အသက်ဘေးက လွတ်မြောက်ခဲ့လို့ သူ့အနေနဲ့ ဝမ်းသာပီတိဖြစ်ရကာ လူမှုကွန်ရက်ပေါ်က အားပေးစကားတွေကြောင့်လည်း ရှေ့ဆက်အလုပ်လုပ်ဖို့ ခွန်အားတွေ ပိုရလာတယ်လို့ သတင်းထောက်ကို ပြောသွားပါတယ်။
2 years Ago
Up