တိရစ္ဆာန်ဥယျာဉ်တွင်း ကားတစီးကို ဝက်ဝံအုပ်စုက ကြောက်မက်ဖွယ်တိုက်ခိုက်

February 28, 2017

တိရစ္ဆာန်ဥယျာဉ်တွင်း ကားတစီးကို ဝက်ဝံအုပ်စုက ကြောက်မက်ဖွယ်တိုက်ခိုက် (ရုပ်သံ)

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ကျားဆွဲတိုက်ခိုက်ခံရမှုကြောင့် သတင်းခေါင်းစီးတွေမှာ နာမည်ကျော်ကြားခဲ့တဲ့ တရုတ်နိုင်ငံမှ ဘက်ဒ်လင်း သားရိုင်းတိရစ္ဆာန်ဥယျာဉ်ဟာ ထိတ်လန့်စရာကောင်းတဲ့ တခြားတိရစ္ဆာန်တိုက်ခိုက်မှုတခုနဲ့ သတင်းခေါင်းစီးပိုင်းမှာ နေရာပြန်ယူလာခဲ့ပါတယ်။ အခုအဖြစ်အပျက်ကတော့ ကားတစီးကို ဝက်ဝံအုပ်စုတစုက ကြောက်ခမန်းလိလိ တိုက်ခိုက်ခဲ့တာပါပဲ။ ဒီအဖြစ်အပျက်ဟာ ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်ပိုင်းက ဝက်ဝံတွေထားတဲ့ နေရာအနီး နီးနီးကပ်ကပ် ဖြတ်သန်းသွားလာချိန်မှာ တိုက်ခိုက်ခံခဲ့ရတာလို့ စီဂျီတီအန် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီအချိန်မှာ ကားတွင်းပါလာတဲ့ ကလေးတဦးက ကားမှန်ကို ဖွင့်ကြည့်ခဲ့တာဖြစ်ပြီး ဝက်ဝံက ကားအနီးတိုးကပ်လာချိန်မှာ ကားမှန်ကို ပြန်တင်ရမယ့်အစား ကြောက်လန့်တကြားနဲ့ အောက်ကိုချမိခဲ့တာပါ။ ဒါဟာ တခြားဝက်ဝံတွေကို ကားအနီး ဖိတ်ခေါ်သလိုဖြစ်ခဲ့ပြီး ဝိုင်းလာကြကာ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြချိန်မှာ ဥယျာဉ်တာဝန်ရှိသူတွေက အချိန်မီ လာရောက်ကယ်တင်နိုင်ခဲ့ကြတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိတာတွေတော့ မဖြစ်ခဲ့ပါဘူး။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတုန်းကတော့ ဒီဥယျာဉ်တွင်းမှာပဲ ကားနဲ့ဖြတ်သန်းချိန် ကျားဆွဲတိုက်ခိုက်ခံရလို့ အမျိုးသမီးတဦးသေဆုံးကာ နောက်တဦးကတော့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ဖူးပါတယ်။
4 years Ago
Up