အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ တရုတ်နိုင်ငံ ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများဆုံးဖြစ်ပေမယ့် ဇွန် ၂၀ ရက်က တိရစ္ဆာန်ရုံတစ်ခုကို ပြန်ဖွင့်ခဲ့ပါတယ်။
ဂျကာတာတောင်ပိုင်းက အစိုးရပိုင် ရာဂူနာ တိရစ္ဆာန်ရုံကို အများပြည်သူတွေအတွက် ပြန်ဖွင့်ခဲ့ပြီး ဧည့်သည်ရာချီ လာရောက်ခဲ့ပါတယ်။
တိရစ္ဆာန်ရုံလာတဲ့ ဧည့်သည်တွေကို ကိုယ်ပူချိန်တိုင်းပြီး တဦးနဲ့တဦး ခပ်ခွာခွာနေဖို့နဲ့ လက်ဆေးဖို့ကို တိရစ္ဆာန်ရုံဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေက ကြပ်မတ်ခဲ့ပါတယ်။
တနေ့ကို ဧည့်သည် ၁၀၀၀ သာ ဝင်ခွင့်ပြုမှာဖြစ်ပြီး လက်မှတ်တွေကိုလည်း အွန်လိုင်းကသာ ကြိုတင်မှာယူနိုင်ပါတယ်။
တိရစ္ဆာန်ရုံဟာ လေဟာပြင် အဆောက်အအုံ ဖြစ်တာမို့ ရှော့ပင်းမောလ်ထက် ပိုမိုလုံခြုံစိတ်ချရပြီး တိရစ္ဆာန်ရဲ့ ထိန်းသိမ်းစရိတ်ကို ထည့်ဝင်လိုတယ်လို့ ဧည့်သည်တွေက ပြောဆိုပါတယ်။
တိရစ္ဆာန်ရုံတွေဟာ ဧည့်သည်ဝင်ကြေးနဲ့ တိရစ္ဆာန်တွေကို ကျွေးမွေးနေတာမို့ ဝင်ငွေမရှိရင် တိရစ္ဆာန်တွေကို ကျွေးနိုင်မှာ မဟုတ်ဘူးလို့ ဧည့်သည်တဦးက ပြောဆိုပါတယ်။
ဇွန် ၂၀ ရက်အထိ အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်း ၄၅,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂,၄၂၉ ယောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
9 months Ago