တိမ်ညိုစစ်ဘေးရှောင်စခန်းရေပြတ်လပ်၊ ဒုက္ခသည်အချို့ဝမ်းလျှောဝမ်းပျက်ဖြစ်ပွားနေ

May 15, 2020

တိမ်ညို စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်အချို့ ဝမ်းလျှော၊ ဝမ်းပျက်ရောဂါဖြစ်ပွား

စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀၀ ကျော်နေထိုင်တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညို စစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေတွေ မသန့်ရှင်းမှုတွေကြောင့် လူကြီးတချို့နဲ့ ကလေးငယ်တချို့မှာ အသားဝါတာတွေ၊ ဝမ်းလျှော၊ ဝမ်းပျက်ရောဂါတွေဖြစ်ပွားနေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ တိမ်ညိုစစ်ဘေးရှောင်စခန်းက စခန်းတာဝန်ခံ ကိုဝေလှအောင်က “လက်ရှိအနေထားမှာ ရေရှားပါးမှု၊ သောက်သုံးရေ ရှားမှုတွေနဲ့ ကြုံနေရတယ်။ အဲ့ဒီသောက်သုံးရေရှားပါးမှု ပြဿနာ ကြောင့်ပဲ မသန့်ရှင်းတဲ့ ရေတွေကိုအသုံးပြုနေရတာတွေရှိတယ်။ စခန်းထဲမှာ နေထိုင်တဲ့ ကလေးတွေ၊ ပြီးတော့ သက်ကြီးပိုင်းတွေမှာ အသားဝါတာတွေ၊ ဝမ်းလျှောဝမ်းပျက်ဖြစ်နေတာ တွေရှိတယ်”လို့ပြောပါတယ်။ ဝေဒနာခံစားနေရသူတွေကို တိမ်ညိုစစ်ဘေးရှောင်းစခန်းနဲ့ အနီးကပ်ဆုံးမှာရှိတဲ့ တိမ်ညိုဆေးရုံမှာ ပြသထားတယ်လို့ ဦးဝေလှအောင်ပြောပါတယ်။  တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေကန်တစ်ကန်သာရှိပြီး အဲဒီရေကန်မှာ ရေလုံးဝခန့်ခြောက်သွားလို့ စစ်ပြေးဒုက္ခသည်တွေဟာ  စစ်ဘေးရှောင်စခန်းနဲ့ အနည်းငယ်အလှမ်းဝေးတဲ့ တိမ်ညိုကျေးရွာမှာ သောက်သုံးရေ သွားခပ်နေကြရပါတယ်။ တိမ်ညိုစစ်ဘေးရှောင်စခန်းအတွက် မြန်မာနိုင်ငံဆရာဝန်များအသင်းက သောက်သုံးရေတချို့ လှူဒါန်းထားပေမယ့် နောက် ၁၀ ရက်လောက် မိုးမရွာဘူးဆိုရင် စစ်ဘေးရှောင်စခန်းနဲ့ တိမ်ညိုကျေးရွာတွေမှာ ရေးရှားပါးမှုတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်။ တိမ်ညို စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၈၄၅ စုနဲ့ လူဦးရေ ၃၂၅၀ ရှိပြီး စစ်ရှောင်တွေကတော့ ဟင်းသီး၊ ဟင်းရွက်တွေနဲ့ ဆန်၊ ဆီ၊ ဆား၊ ငါးပိစတာတွေကို ကိုယ့်အစီစဉ်နဲ့ ကိုယ်ရှာကြံစားသောက်နေရကာ အစိုးရအဖွဲ့က ဆန်တချို့နဲ့ နိုင်ငံတကာ ကြက်ခြေနီ (ICRC)က စားနပ်ရိက္ခာနဲ့ ပစ္စည်း(၆) မျိုးတို့ကို ကူညီထောက်ပံ့ပေးထားပါတယ်။ မြောက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “မြောက်ဦးစစ်ဘေးရှောင် စခန်းတွေမှာတော့ လိုအပ်ချက်တွေ များပါတယ်။ ဒုက္ခသည်တွေကလည်းများတာကို၊ COVID- 19 ကာကွယ်ရေးအပိုင်းမှာဆိုရင်လည်း လက်သန့်ဆေးရည်တွေ၊ ဆပ်ပြာတွေ၊ ပြီးတော့ Mask တွေလုံလုံလောက်လောက်ထုတ်ပေးဖို့ အသင်းအဖွဲ့တွေ အစိုးရအဖွဲ့တွေက လုပ်ပေးသင့်တယ်။ အခုကဘာမှ စစ်ဘေးရှောင် စခန်းတွေမှာလုံလုံ လောက်လောက်ရှိမနေဘူး။ မြောက်ဦးမြို့အထက်မှာ စစ်ဘေးရှောင်စခန်း ၈ ခုနဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀၀ ဝန်းကျင်ရှိပြီး မြောက်ဦးမြို့နယ် တခုလုံးမှာ စစ်ဘေးရှောင်စခန်းပေါင်း ၂၆ ခုရှိပါတယ်။
11 months Ago

March 13, 2020

တိမ်ညိုစစ်ဘေးရှောင်စခန်းပစ်ခတ်မှု  စစ်ပြေးဒုက္ခသည် ၁၀ ဦးထက်မနည်းဒဏ်ရာရ 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ တိမ်ညိုစစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်စခန်းမှာခိုလှုံနေသူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားပါတယ်။ မတ်လ ၁၃ ရက် မနက် ၆ နာရီခွဲလောက်က တပ်မတော်စစ်ကြောင်းတခုက တိမ်ညိုစစ်ဘေးရှောင်စခန်းနဲ့ တိမ်ညိုကျေးရွာအနားအရောက်မှာ ပစ်ခတ်ခဲ့တာလို့ စခန်းတာဝန်ခံ ဦးဝေလှအောင်ပြောပါတယ်။ “စစ်သားတွေက စစ်ကြောင်းကားတွေနဲ့လာပြီးတော့ တိမ်ညိုစစ်ရှောင်စခန်းကို သေနတ်တွေနဲ့ လှမ်းပစ်တယ်။ ရွာတွေကိုလှမ်းပစ်တယ်။ အဲ့ဒီမှာ တိမ်ညိုစစ်ဘေးရှောင်စခန်းက ဒုက္ခသည် ၉ ယောက်ဒဏ်ရာရတယ်။ နှစ်ယောက်ကတော့ဒဏ်ရာပြင်းထန်တယ်။ ရွာထဲမှာက ဒဏ်ရာရတာ ပြောသံမကြားမိသေးဘူး။ လောလောဆယ် ဒဏ်ရာရထားတဲ့ စာရင်းပါ။ အခုက သူတို့ သုံးယောက်ကို မြောက်ဦးဆေးရုံကိုယူဖို့လုပ်နေတုန်း တပ်ကလမ်းမှာရှိနေတယ်။ သွားလာလို့ မရဘူး။” တပ်မတော်စစ်ကြောင်းဟာ တိမ်ညိုစစ်ဘေးရှောင်စခန်းနဲ့ ၄ ဖာလုံလောက်ကအကွာ အကန်ကြီးဘုရားအနီး တိမ်ညိုကျေးရွာနဲ့ ဘူးရွက်မညိုကြားမှာ မိုင်းဆွဲခံရပြီး အခုလို စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးရွာတချို့လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်ခဲ့တာလို့ စစ်ဘေးရှောင်စခန်းမှာနေထိုင်သူတွေနဲ့ သရက်တပင်ကျေးရွာသားတွေကပြောပါတယ်။ တိမ်ညိုစစ်ဘေးရှောင်စခန်းနေ ဒေါ်လှလှရီက “တပ်မတော်ကားက ကန်ကြီးဘုရားအနီး တိမ်ညိုကျေးရွာနဲ့ ဘူးရွက်မညိုကြားမှာ မိုင်းဆွဲခံရတယ်လို့ပြောကြတယ်။ ကျမတို့နေထိုင်တဲ့ တိမ်ညိုစခန်းရှောင်စခန်းနဲ့ဆိုရင် ၄ ဖာလုံလောက်ဝေးသေးတယ်။ အဲ့ဒီကနေပစ် လာတဲ့အသံကြားရတယ်။ အဲ့ဒီမှာ စစ်ဘေးရှောင်စခန်းလူတွေ အကုန်ဝပ်နေကြဆိုပြီး လူတွေ အကုန်အော်ပေးကြတယ်။ စစ်ဘေးရှောင်စခန်းနားရောက်တော့ သေနတ်တွေနဲ့ တရစပ် ပစ်ခတ်မှုတွေလုပ်တယ်။ စစ်ကားအရေအတွက် ၈ စီးလောက်ရှိတယ်။” လို့ ပြောပါတယ်။ ဒါ့အပြင်ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားအနီး သရက်တပင်ကျေးရွာကိုလည်း ပစ်ခတ်ခဲ့လို့ လူ ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သရက်တပင်ကျေးရွာသားတွေပြောပါတယ်။ သရက်တပင်ကျေးရွာသားဦးမောင်နုချေက “စစ်တပ်ကနေပြီး မြောက်ဦးကနေပြီးတော့ ပစ်ခတ်မှုတွေလုပ်လို့လာတယ်။ မနားတမ်းပစ်လို့လာတာနော်၊ အဲ့ဒီမှာကျနော်တို့ ရွာနား ရောက်တော့ ရွာကိုဦးတည်ပြီးတော့ပစ်တယ်။ လက်နက်ကြီးတွေနဲ့ပစ်တယ်။ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ကားလမ်းတလျှောက်ပစ်ခတ်လာတယ်။ လောလောဆယ် အိမ်ထဲကပုန်းနေလိုက်တဲ့သူ သုံးယောက် ဒဏ်ရာရထားတယ်။ တယောက်အခြေအနေစိုးရိမ်ရတယ်။”လို့ ပြောပါတယ်။ တပ်မတော်ယာဉ်တန်းမိုင်းဆွဲခံရပြီးနောက်မှာ ဒီလိုပစ်ခတ်မှုလုပ်လို့ တိမ်ညိုစစ်ဘေးရှောင် စခန်းက နောက်ဆုံးသတင်းအရ ၁၂ ဦးဒဏ်ရာရရှိခဲ့ပြီး သရက်တပင်ကျေးရွာက ၃ ယောက်နဲ့ သိမ်တန်းကျေးရွာသား ၃ ယောက်ဒဏ်ရာအသီးသီးရရှိထားကြတယ်လို့ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။ အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ ဒါ့အပြင် မနက် ၈ နာရီ ၅ မိနစ်ကလည်း ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
1 year Ago
Up