တိဘက်

A d v e r t i s e m e n t With Us

October 21, 2020

တိဘက် ပြည်ပြေးအစိုးရခေါင်းဆောင်နှင့် အမေရိကန်တွေ့ဆုံမှုအပေါ် တရုတ် ဝေဖန်

အမေရိကန်အစိုးရ အရာရှိတယောက်က တိဘက်ပြည်ပြေးအစိုးရ အကြီးအကဲ ခေါင်းဆောင်တယောက်နဲ့ တွေ့ဆုံမှုဟာ တိဘက်ဒေသတည်ငြိမ်ရေးကို လှိုက်စားစေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၀ ရက်မှာ ပြောပါတယ်။ အမေရိကန်အနေနဲ့ တရုတ်ပြည်တွင်းရေးကို ကြားဝင်နှောင့်ယှက်နေတာ ချက်ချင်းရပ်သင့်တယ်၊ တရုတ်ဟာ ကိုယ့်နိုင်ငံ အကျိုးစီးပွားကို ကာကွယ်ဖို့ လိုအပ်သမျှ အားလုံး လုပ်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျင်းက ပေကျင်းမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တိဘက် ဗဟိုအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ လော့ဘ်ဆန်ဆန်ဂေးဟာ တိဘက်အရေး  အမေရိကန် အထူးညှိုနှိုင်းရေးမှူးအသစ်နဲ့ အရင်အပတ်က တွေ့ဆုံပြီး ဒါဟာ တိဘက် ပြည်ပြေးအစိုးရ အကြီးအကဲကို အမေရိကန်အစိုးရရုံးမှာ ပထမဆုံး လက်ခံတွေ့ဆုံတာလို့လည်း သူက ပြောပါတယ်။ “ဒါကြောင့် ဆန်ဂေးဟာ တရုတ်ဆန့်ကျင်ရေး ခွဲထွက်ရေးဝါဒီ ဖြစ်တယ်။ အမေရိကန်ဟာ သူနဲ့ ဘယ်လိုတရားဝင် ထိတွေ့မှုကိုမဆို ရပ်သင့်တယ် တိဘက်အရေးကို အသုံးချပြီး တရုတ်ပြည်တွင်းရေးကို နှောင့်ယှက်တာကို အမေရိကန်အနေနဲ့ ချက်ချင်းရပ်သင့်တယ်”လို့လည်း ကျောက်လိကျင်းက ပြောပါတယ်။ တရုတ်ဟာ တိဘက်ကို ၁၉၅၀ မှာ သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ငြိမ်းငြိမ်းချမ်းချမ်း လွတ်မြောက်ခွင့်ပေးခဲ့တာလို့ ပြောပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးအုပ်စုတွေနဲ့ ပြည်ပြေးတွေကတော့ တိဘက်ဒေသအတွင်း တရုတ်အစိုးရက ဖိနှိပ်အုပ်ချုပ်နေတယ်လို့ ပုံမှန် ပြစ်တင် ရှုတ်ချနေကြပါတယ်။
3 months Ago

July 9, 2020

အမေရိကန်နိုင်ငံသားများကို တိဘက်ပြည်နယ် ဝင်ခွင့် တရုတ်အစိုးရ ကန့်သတ်မည်

တိဘက်ပြည်နယ်အပေါ် မတူကွဲပြားတဲ့ အပြုအမူနဲ့ဆက်ဆံခဲ့တဲ့ အမေရိကန် နိုင်ငံသားတွေ ကို ပြည်ဝင်ခွင့် ကန့်သတ်မယ်လို့ တရုတ်အစိုးရက ဇူလိုင်လ ၈ရက်မှာ ပြောလိုက်ပါတယ်။  ဒါဟာ တရုတ်အရာရှိတွေအပေါ် အမေရိကန်အစိုးရက ကန့်သတ်ချက်ကို လက်စားချေတာ ဖြစ်ပုံပေါ်တယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ဖော်ပြပါတယ်။  တရုတ်အစိုးရဟာ အမေရိကန်သံတမန်တွေ၊ သတင်းထောက်တွေနဲ့ ကမ္ဘာလှည့်ခရီးသည် တွေ တိဘက်ဒေသကို ခရီးသွားလာမှုကို နှောင့်ယှက်ခဲ့ပြီး ဟိမဝန္တာဒေသထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် တရုတ်အရာရှိတချို့ကို အမေရိကန်က ပြည်ဝင်ခွင့် တင်းကြပ်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက ဇူလိုင် ၇ ရက်မှာ ပြောခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် ကုန်သွယ်ရေး၊ နည်းပညာ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေးနဲ့ ဟောင်ကောင်အရေးတို့ကြောင့် တင်းမာနေတဲ့ ၂ နိုင်ငံ ဆက်ဆံရေးက ပိုဆိုးခဲ့ပါတယ်။  တရုတ်အစိုးရဟာ ဝေးလံသီခေါင်ပြီး တောင်ထူတဲ့ တိဘက်ဒေသဆီ ၁၉၅၀ ခုနှစ်က စစ်တပ်တွေ စေလွှတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း လွတ်မြောက်ခွင့်ပေးခဲ့တယ်လို့ တရားဝင် သုံးနှုန်းခဲ့ပါတယ်။  အဲဒီကစပြီး တိဘက်ဒေသကို သံလက်သီးအုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေခဲ့တာပါ။ တိဘက်ဒေသရဲ့ မြေမျက်နှာသွင်ပြင်နဲ့ ရာသီဥတုကြောင့် လာရောက်လည်ပတ်သူတွေကို ကာကွယ်ဖို့ ဆောင်ရွက်ချက်တွေကို တရုတ်အစိုးရက ပုံမှန်အားဖြင့် အကောင်အထည် ဖော်တာသာ ရှိပြီး တိဘက်အရေးကို ဘယ်နိုင်ငံခြားကမှ ကြားဝင်စွက်ဖက်မှုကို တရုတ်ပြည်မကြီး အစိုးရက ခွင့်ပြုမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ အမေရိကန်ဟာ တိဘက်လူမျိုးတွေရဲ့ အဓိပ္ပာယ်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပံ့ပိုးဖို့ ဆက်ပြီး ပိုင်းဖြတ်ထားတယ်၊ တိဘက်တွေရဲ့ အခြေခံ လူ့အခွင့်အရေးကို လေးစားတယ်လို့ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
7 months Ago
Up