တိဘက်ဘုန်းတော်ကြီး

July 14, 2015

ထောင်ဒဏ်ကျခံနေရသည့် တိဘက်ဘုန်းတော်ကြီး တရုတ်ထောင်တွင်း ကွယ်လွန်

တရုတ်နိုင်ငံတွင်း အထင်ရှားဆုံး နိုင်ငံရေးအကျဉ်းသားတွေထဲက တယောက်ဖြစ်တဲ့ တိဘက်ဘုန်းတော်ကြီး တန်းကျင်းဒယ်လဲ့ဟာ ထောင်ထဲမှာ သေဆုံးခဲ့ပြီလို့ ဆွေမျိုးတယောက်၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ တိဘက် ပြည်ပြေးအစိုးရတို့က ဇူလိုင် ၁၃ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ သူ့ကို အကြမ်းဖက်မှု၊ ခွဲထွက်ရေး လှုံ့ဆော်မှု စွဲချက်တွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တာပါ။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူမြို့ ချွမ်ဒေါင်းထောင်မှာ အကျဉ်းချခံထားရတဲ့ ဘုန်းတော်ကြီးဟာ ဇူလိုင် ၁၂ ရက်နေ့က ကွယ်လွန်သွားခဲ့တာလို့ ညီဝမ်းကွဲ တိဘက်ဘုန်းတော်ကြီး ဂီရှီညီမာက အိန္ဒိယနိုင်ငံကနေ ရိုက်တာသတင်းဌာနကို တယ်လီဖုန်းနဲ့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် တိဘက်ဒေသ အစိုးရအပေါ် မကျေမချမ်းဖြစ်မှုတွေ တိုးလာမယ့် အလားအလာတွေ မြင့်တက်နေပါတယ်။ ဇူလိုင် ၁၃ ရက်နေ့က သေဆုံးခဲ့တဲ့ အသက် ၆၅ နှစ်အရွယ် တိဘက်ဘုန်းတော်ကြီးကို ပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုတွေက ဆော်သြခဲ့ကြတာပါ။ ဘုန်းတော်ကြီး သေဆုံးရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ညီဝမ်းကွဲ တိဘက်ဘုန်းတော်ကြီး ဂီရှီနီမာက ပြောပါတယ်။ အာဏာပိုင်တွေက ဘုန်းတော်ကြီးရဲ့ ညီမတွေဆီကို ဇူလိုင် ၁၂ ရက်နေ့က အကြောင်းကြားခဲ့တာ ဖြစ်ပေမယ့် သူသေဆုံးမှုနဲ့ ပတ်သက်ပြီး ဘာမှ အကျယ်တဝင့် ပြောခဲ့တာ မရှိပါဘူး။ ချွမ်ဒေါင်းထောင်က အရာရှိတွေဆီ မှတ်ချက်ပေးဖို့ ဖုန်းခေါ်ဆိုမှုတွေကိုလည်း ဖြေဆိုမှု မပြုခဲ့ပါဘူး။ ဘုန်းတော်ကြီး လွတ်မြောက်ရေး လှုပ်ရှားနေတဲ့ ဖရီးတိဘက်အုပ်စုက အာရှဆိုင်ရာ ညွှန်ကြားရေးမှူးကတော့ “ဘုန်းတော်ကြီးဟာ သာမန်လူမဟုတ်ဘဲ အလေးစားရဆုံး ခေါင်းဆောင်တွေထဲက တယောက်။” လို့ ပြောပါတယ်။ တရုတ်ဟာ တိဘက်ကို ၁၉၅၀ ခုနှစ်မှာ မတရား သိမ်းပိုက်ခဲ့တာပါ။ တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နှိမ်နင်းခံရအပြီး ၁၉၅၉ ခုနှစ်မှာ တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားဟာ အိန္ဒိယကို ထွက်ပြေးခဲ့ရပါတယ်။ တရုတ်ကတော့ တိဘက်ဒေသတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု လက္ခဏာတွေကို တင်းတင်းမာမာ ရပ်တည်ခဲ့ပါတယ်။ ဒလိုင်းလားမားကိုလည်း တိဘက်လွတ်မြောက်ရေးအတွက် အကြမ်းဖက်တဲ့ နည်းလမ်းတွေ သုံးဖို့ ကြိုးစားတဲ့ သိုးရေခြုံတဲ့ ဝံပုလွေလို့ စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။ သေဆုံးသူ ဘုန်းတော်ကြီး တန်းကျင်းဒယ်လဲ့ဟာ ဒလိုင်းလားမားကို ထောက်ခံသူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၂ ခုနှစ်က သေဒဏ်စီရင်ခံရပေမယ့် နောက်ပိုင်းမှာ သူ့ကို တသက်တကျွန်း ထောင်ဒဏ်၊ အဲဒီကနေမှ ထောင်ဒဏ် အနှစ် ၂၀ ကို လျော့ပေးခဲ့ပါတယ်။ ဘုန်းတော်ကြီးဟာ ဆေးရုံမှာ ကျန်းမာရေး အားနည်းခဲ့အပြီး ဆေးဘက် အကြောင်းပြချက်နဲ့ သူ့ကို လွှတ်ပေးဖို့ ဆော်သြခဲ့ဖူးတယ်လို့ ထောက်ခံသူတွေက ပြောခဲ့ကြပါတယ်။
6 years Ago
Up