တာ‌မွေ

May 7, 2020

အင်းစိန်နှင့် တာမွေတွင် COVID-19 လူနာသစ် ၁၄ ဦးထပ်တွေ့ 

ရန်ကုန်မှာ COVID-19 ရောဂါအတည်ပြုလူနာသစ် ၁၄ ဦးထပ်မံစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတဝန်းမှာ အတည်ပြုလူနာ ၁၇၆ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ လူနာသစ်တွေကတော့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ၁၂ ဦးနဲ့ တာမွေမြို့နယ်က ၂ ဦးတို့ ဖြစ်ပြီး အားလုံးဟာ ပြည်ပကိုခရီးသွားခဲ့တာ မရှိပေမယ့် အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့လို့ အသွားအလာ ကန့်သတ်ထားရှိသူတွေဖြစ်ပါတယ်။ ဒီကနေ့ ညနေပိုင်းက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၃) ခု၊ ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၀၂) ခု၊ စုစုပေါင်း (၁၈၅) ခုမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၄) ဦး တွေ့ရှိရတာပါ။ မေလ ၇ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၇၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ပိုးကင်းစင်လာသူ  ၆၂ ဦးနဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူ  ၃၇ ဦး ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ ဓာတ်ပုံ-MOHS
12 months Ago
Up