တားမြစ်

February 17, 2018

သံခေတ်ယဉ်ကျေးမှုနေရာတွင် တရားမဝင် တူးဖော်မှုများ မပြုလုပ်ရန် တားမြစ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း သံခေတ်ယဉ်ကျေးမှုနေရာမှာ တရားမဝင် တူးဖော်တာတွေ မပြုလုပ်ဖို့ တာဝန်ရှိသူတွေက တားမြစ်လိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးအမြန်ကားလမ်း မိုင်တိုင် ၃၂၉/၇ အနီးတစ်ဝိုက်ရှိ မြေနေရာကို မသမာသူတွေက တရားမဝင်တူးဖော်ခိုးယူနေကြောင်း သတင်းအရ ရှေးဟောင်း သုတေ သနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတွေ ပြီးခဲ့တဲ့လက သွားရောက်စစ်ဆေးခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ ကွင်းဆင်းစစ်ဆေးခဲ့တဲ့နေရာဟာ နွားထိုးကြီးမြို့နယ်၊ ပဒေါင်းကျေးရွာပိုင် နွားစားကျက်မြေနေရာဖြစ်ပြီး အမြန်လမ်းဖောက်လုပ်ခဲ့စဉ် မြေတူးဖော်သယ်ယူရာမှ အခုအခါ ရေကန်အဖြစ်တည်ရှိနေပြီး ရေတိုက်စားပြိုကျရာမှ ရှေးဟောင်း ဝတ္ထုပစ္စည်းအချို့ ထွက်ပေါ်လာလို့ မသမာသူများ ဆက်လက်တူးဖော်ခိုးယူနေတာလို့ ဆိုပါတယ်။ အဆိုပါနေရာမှာ လူအရိုးတွေ၊ သွားတွေ၊ မြေထည်ပစ္စည်းတွေ၊ သံလက်နက်အပိုင်းအစများ တွေ့ရှိခဲ့လို့ ပဒေါင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားတာပါ။ စစ်ဆေးချက်အရာ အဲဒီနေရာဟာ ပျူခေတ် အစောပိုင်း သံခေတ်ကာလ ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ နေရာဖြစ်လို့ ထိုနေရာတွင် တရားမဝင် တူးဖော်တာတွေ မရှိစေဖို့ ပဒေါင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
3 years Ago

February 2, 2018

ဟောင်ကောင်တွင် ဆင်စွယ်ရောင်းချမှု တားမြစ်

ကမ္ဘာ့အကြီးဆုံး ဆင်စွယ်လက်လီဈေးကွက်ရှိတဲ့ ဟောင်ကောင်မှာ ဆင်စွယ်ရောင်းချမှု တားမြစ်တာကို ဇန်န၀ါရီ ၃၁ ရက်မှာ ဥပဒေပြုအမတ်တွေက ထောက်ခံလိုက်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက တရုတ်ပြည်မကြီးမှာ ဆင်စွယ်ရောင်းချမှု တားမြစ်ပြီးနောက် ဟောင်ကောင်မှာ အခုလို တားမြစ်လိုက်တာဖြစ်ပြီး ဟောင်ကောင်ဟာ ဆင်စွယ်ရောင်းဝယ်တာကို နှစ်ပေါင်း ၁၅၀ ကျော် ပြုလုပ်ခဲ့တာပါ။ ဟောင်ကောင်မှာ ၀ယ်ယူတဲ့ ဆင်စွယ်ပစ္စည်းတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ တရုတ်ပြည်မကြီးကနေ ဖြစ်ပါတယ်။ ဆင်စွယ်ရောင်းချမှု တားမြစ်လိုက်တာနဲ့ ပတ်သက်ပြီး WWF HONG KONG စိမ့်မြေထိန်းသိမ်းရေး ဒါရိုက်တာက  “ဒါဟာ ဟောင်ကောင်အစိုးရက  အာဖရိကန်ဆင်တွေ ထိန်းသိမ်းစောင့်ရှောက်ရေးကို မဆုတ်မနှစ်ပြုလုပ်သွားမယ်ဆိုတာ ပြသတာပါ။ နောက်တဆင့်က ဟောင်ကောင်ကို ဒါမှမဟုတ် ဟောင်ကောင်ကနေတဆင့် တရားမ၀င်ကုန်သွယ်မှု မရှိတော့အောင် တရားဥပဒေ စိုးမိုးရေးကို အရှိန်မြှင့်လုပ်ဆောင်ရမှာပါ”  လို့ ပြောပါတယ်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ကမ်ပိန်းမန်နေဂျာက “ဒါဟာ ဆင်ထိန်းသိမ်းရေး သမိုင်းမှာ အရေးပါတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဟောင်ကောင်ဟာ တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှု အထူးသဖြင့် ဆင်စွယ်ကုန်သွယ်မှု  ဗဟိုချက်မ ဖြစ်နေတာပါ”  လို့ ပြောပါတယ်။ နှစ်စဉ် နှစ်တိုင်း ဆင်ကောင်ရေ ၃၀၀၀၀ လောက်ဟာ တရားမ၀င် သတ်ဖြတ်ခံနေရတယ်လို့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ WildAid က ခန့်မှန်းပြောကြားခဲ့ပါတယ်။ ဆင်စွယ်ရောင်းချမှု တားမြစ်ခြင်း ဥပဒေပြဋ္ဌာန်းပြီးတာနဲ့ ဟောင်ကောင်ကို ဒါမှမဟုတ် ဟောင်ကောင်ကနေ ဆင်စွယ်သွင်းကုန်နဲ့ ပြန်လည်တင်ပို့ကုန်တွေကို  တားမြစ်မှာ ဖြစ်ပါတယ်။
3 years Ago
Up