တားမြစ်ဆေးဝါး

December 6, 2020

ဆေးခြောက်ကိုတားမြစ်ဆေးဝါးအဖြစ်ကပယ်ဖျက်ရန် အမေရိကန်အောက်လွှတ်တော် အတည်ပြု

အမေရိကန်နိုင်ငံ ဒီမိုကရက်ပါတီဝင်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်က ဆေးခြောက်ကို ပြည်ထောင်စုအဆင့် တားမြစ်ဆေးဝါးအဖြစ်ကနေ ပယ်ဖျက်ဖို့ ထောက်ခံမဲ ၂၂၈ မဲ၊ ကန့်ကွက်မဲ ၁၆၄ မဲနဲ့ မဲပေး အတည်ပြုခဲ့ပါတယ်။ ဥပဒေကို ဒီဇင်ဘာ ၄ ရက်က မဲပေးခဲ့ကြတာဖြစ်ပြီး ရီပတ်ဗလစ်ကန်ပါတီဝင်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်ထဲမှာ ဥပဒေမူကြမ်းကို အတည်ပြုမပြု မဲပေးဆုံးဖြတ်ဖို့ လိုပါသေးတယ်။  ဆေးခြောက်ကို ထိန်းချုပ်ထားရမယ့်ပစ္စည်းအဖြစ် ၁၉၇၀ မှာ စာရင်းသွင်းပြီးတည်းက ပထမဆုံးအနေနဲ့ ပြည်ထောင်စုအဆင့် တားမြစ်ထိန်းချုပ်မှုကို အဆုံးသတ်ရေး အောက်လွှတ်တော်မှာ ပထမဆုံး မဲပေးခဲ့တာပါ။ အမေရိကန်နိုင်ငံအတွင်း ပြည်နယ် ၁၅ ခုနဲ့ ကိုလံဘီယာခရိုင်တို့မှာ ဆေးခြောက်ကို အပန်းဖြေတဲ့နေရာမှာ သုံးဖို့ တရားဝင် ခွင့်ပြုထားပြီးသားပါ။ ပြည်နယ် ၃၀ ကျော်ကလည်း ဆေးခြောက် ပုံစံတချို့ကို ဆေးဝါးအဖြစ်သုံးဖို့ ခွင့်ပြုထားပါတယ်။ အမေရိကန် နိုင်ငံအတွင်း ကျေးဇူးတော် အောက်မေ့ပွဲ ကျင်းပရာ သီတင်းပတ်ကုန်ရက်က ဆေးခြောက် ရောင်းချမှု စံချိန်တင်ခဲ့ပါတယ်။  ဒါပေမယ့် ပြည်ထောင်စု အဆင့်မှာတော့ ဆေးခြောက်ကို တားမြစ်ပိတ်ပင်ထားဆဲ ဖြစ်လို့ ပြည်နယ် ဥပဒေတွေနဲ့ ပဋိပက္ခ ဖြစ်နေတဲ့အတွက် ဆေးခြောက် ကုမ္ပဏီတွေအနေဲ့ ဘဏ်ဝန်ဆောင်မှုနဲ့ ရန်ပုံငွေရနိုင်မှု ကန့်သတ်ခံနေရတာပါ။ ဒါပေမယ့် အထက်လွှတ်တော် ခေါင်းဆောင်နဲ့ ရီပတ်ဗလစ်ကန် ပါတီဝင် မစ်ချ် မက်ကောနယ်ကတော့ ဒီအပြောင်းအလဲကို ဆန့်ကျင်ပါတယ်။ ဒါကြောင့် ဇန်နဝါရီ ၅ ရက်နေ့ လွှတ်တော်အမတ် ရွေးကောက်ပွဲအတွင်း အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ရေး ဒီမိုကရက်ပါတီက ဂျော်ဂျီယာ ပြည်နယ်ရဲ့ အထက်လွှတ်တော် အမတ်နေရာတွေကို အနိုင်ရဖို့ လိုအပ်နေပါတယ်။ ဆေးခြောက် ဥပဒေမူကြမ်းအရ ပြည်ထောင်စုအဆင့် ဆေးခြောက်အတွက် ပြစ်ဒဏ်စီရင်တာကို ပယ်ဖျက်ပြီး ဆေးခြောက် ထုတ်ကုန်တွေအပေါ် အခွန် ၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 months Ago
Up