တားမြစ်ချက်

September 16, 2020

ကိုဗစ်-၁၉ ကာလ တားမြစ်ချက်ကို မလိုက်နာဘဲ သမ္မတထရမ့် မဲဆွယ်လူထုစည်းဝေးပွဲ ကျင်းပ

ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း အဆောက်အအုံထဲမှာ လူစုလူဝေးလုပ်တာကို ပြည်သူ့ကျန်းမာရေးပညာရှင်တွေက တားမြစ်ထားပေမယ့် စက်တင်ဘာ ၁၃ ရက်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့  နီဗားဒါးပြည်နယ် မဲဆွယ်လူထုစည်းဝေးပွဲကို အဆောက်အအုံအတွင်း ပြုလုပ်ပါတယ်။ မဲဆွယ် လူထုစည်းဝေးပွဲမှာ သမ္မတထရမ့်က ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်ဟာ ပြည်တွင်း အကြမ်းဖက်သမားတွေကို ချွေးသိပ်လိုပြီး သူ့အစီအစဉ်ကတော့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးဖို့ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ သမ္မတထရမ့်က ဘိုင်ဒင် အနိုင်ရရင် လူရမ်းကားအုပ်စု အနိုင်ရတာပဲလို့လည်း ပြောပါတယ်။ အဆောက်အအုံအတွင်းလုပ်တဲ့ မဲဆွယ်ပွဲမှာ လူအုပ်ကြီးက တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ် ထိုင်နေပြီး အတော်များများဟာ နှာခေါင်းစည်း မတပ်ကြပါဘူး။  လူအများအပြားကို ဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ မဲဆွယ်ပွဲတွေ ပြုလုပ်တဲ့အတွက် ဘိုင်ဒင်ကလည်း သမ္မတ ထရမ့်ကို ဝေဖန်ထားပါတယ်။  အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၉၄,၀၀၀ ကျော် ရှိတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
8 months Ago

September 4, 2020

တားမြစ်ချက် ဖီဆန်ပြီး လုပ်သည့် နီပေါဘာသာရေးပွဲ ရဲတပ်ဖွဲ့ဖြိုခွင်း

နီပေါနိုင်ငံမှာ လူစုလူဝေး မလုပ်ရဆိုတဲ့ အစိုးရ တားမြစ်ချက်ကို ဖီဆန်ပြီး စက်တင်ဘာ ၃ ရက်က လုပ်ခဲ့တဲ့ ဘာသာရေးပွဲတခုကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရေအမြောက်သုံး လူစုခွဲခဲ့ပါတယ်။  မြို့တော် ခတ္တမန္တူအနီး လာလစ်ပူရ် လမ်းမကြီးထက်လုပ်တဲ့  မိုးနတ်မင်း လှည်းဆွဲပွဲကို    လူ နှစ်ထောင်ခန့် ပါဝင်ခဲ့တာပါ။  ဒီပွဲတော်ဟာ မျိုးဆက်ပေါင်းများစွာ ကျင်းပခဲ့တဲ့ အစဉ်အလာ တခုဖြစ်ပေမယ့်  ပြီးခဲ့တဲ့ သြဂုတ်လမှာပဲ အာဏာပိုင်တွေက ပွဲတော်ကို  နေအိမ်မှာပဲ  ကျင်းပဖို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် လူစုလူဝေးလုပ်တဲ့ ပါဝင်ဆင်နွှဲသူတွေကို ရဲတပ်ဖွဲ့က ရေအမြောက်သုံး လူစုခွဲခဲ့ တာပါ။  အဲဒီအခါ နှာခေါင်းစည်း တပ်ထားတဲ့ ဆန္ဒပြသူတွေက  နံပါတ်တုတ်တွေ ကိုင်ထားတဲ့ ရဲတွေ ကို ခဲတွေ နဲ့ပစ်ပေါက်တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။  ဒါ့အပြင် ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ မော်တော်ဆိုင်ကယ်တစ်စီးကို မီးရှို့ခဲ့ပြီး ဒဏ်ရာရသူ တစ်ဦးကိုလည်း ရဲတွေက ခေါ် ဆောင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။  လာလစ်ပူရ်ခရိုင် အရပ်ဘက်အရာရှိတစ်ဦးက ဘာသာရေးအခမ်းအနားလို လူစုလူဝေး  အားလုံးကို တားမြစ်ထားတယ်လို့ ပြောဆိုပေမယ့် ပွဲဆင်နွှဲသူတွေကတော့ ရာစုနှစ်ချီ လုပ်လာတဲ့ အစဉ်အလာကို ဆက်လုပ်ရမှာပဲလို့  ပြောဆိုပါတယ်။  နီပေါနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၄၂,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၂၅၇ ယောက် ရှိတယ်လို့ နီပေါကျန်းမာရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က စက်တင်ဘာ  ၃ ရက်မှာ ပြောဆိုခဲ့ပါတယ်။
8 months Ago
More News
Up