ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုး၊ ပန်ဆိုင်း၊ ၁၀၅ မိုင် စတဲ့ဒေသတွေမှာ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဒီနေ့မနက်ပိုင်းက တိုက်ပွဲအပြင်း အထန် ဖြစ်ပွားနေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)၊ ကချင်လွတ်လပ်ရေးတပ် (ကေအိုင်အေ)၊ ရက္ခိုင့်တပ်မတော် (အေအေ)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန်ဒီအေအေ) အစရှိတဲ့ အဖွဲ့ ၄ ဖွဲ့ ပူးပေါင်းပြီး ရှမ်းပြည်မြေက်ပိုင်း မူဆယ်ခရိုင်ထဲမှာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာ့ဘုန်းကျော်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး - ဒီကနေ့မနက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲမှာ တိုက်ပွဲတွေ တော်တော်ပြင်းထန်နေတယ်လို့ ပြည်သူတွေက ပြောပါတယ်။ အဓိက ဘယ်နေရာတွေမှာ ဖြစ်နေတာလဲရှင့်။
ဖြေ - မူဆယ်ခရိုင် ကြူကုတ်ပန်ဆိုင်း၊ မုံးကိုး တရုတ်နယ်စပ်ဘက်မှာပေါ့။
မေး - ဒီလိုပြင်းထန်တဲ့ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်နေတာလဲ။
ဖြေ - အခု တိုက်ပွဲဖြစ်နေတာက ကျနော်တို့ တီအန်အယ်လ်အေရယ်၊ ကေအိုင်အေရယ်၊ ရခိုင် (အေအေ) နဲ့ ကိုးကန့် (အမ်အန်ဒီအေအေ) တို့ ၄ ဖွဲ့ ပူးပေါင်းစစ်ရေးလှုပ်ရှားမှုပါ။
မေး - ဘာကြောင့်မို့လို့ ဒီလိုရုတ်တရက် ပြင်းပြင်းထန်ထန်လှုပ်ရှားနေကြတာလဲရှင့်။
ဖြေ - အဓိကကတော့ အခုကျနော်တို့ တိုင်းရင်းသားနယ်မြေထဲမှာ ကချင်နယ်မြေရော၊ ကျနော်တို့ နယ်မြေရော၊ ကျန်တဲ့အဖွဲ့နယ်မြေတွေရော မြန်မာ့တပ်မတော်က တောထဲမှာ ကျနော်တို့ကို ထိုးစစ်ဆင် ပိုက်စိပ်တိုက်လှုပ်ရှားမှုတွေ တော်တော်ပြင်းထန်လာပါတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က ဒီလှုပ်ရှားမှုကို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။
မေး - ထိခိုက်မှုအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ - လောလောဆယ် အသေးစိတ်တွေ ကျနော်တို့ မသိနိုင်သေး။ တိုက်ပွဲဖြစ်တ ယ်ဆိုတော့ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်၊ လူထုနဲ့ နီးတဲ့နေရာဆိုလည်း လူထုထိခိုက်မှုတွေ ရှိနိုင်ပါတယ်။
မေး - ဒီနေ့ လှုပ်ရှားမှုကို ဘယ် နှနာရီက စတာလဲရှင့်။
ဖြေ - တနေရာနဲ့ တနေရာမတူဘူး၊ ဒီမနက်ပိုင်းပဲ စတယ်လို့ ပြောလို့ရပါတယ်။ တချို့နေရာက မနက် ၃ နာရီခွဲ ၄ နာရီ စတယ်၊ တချို့နေရာက မနက် ၅ နာရီခွဲ ၆ နာ၇ီလောက်မှာ စတယ်။
မေး - ဒီပူးပေါင်းစစ်ဆင်မှုတွေကို ဘယ်အချိန်ထိ လုပ်သွားမှာလဲ။
ဖြေ - ဒါကတော့ ပြောလို့လည်းမရသေးဘူး၊ အဓိကက ကျနော်တို့လည်း စောင့်ကြည့်နေတယ်၊ ဒီစစ်ဆင်ရေးလုပ်ရတာကလည်း လုပ်ချင်လို့ လုပ်ရတာမဟုတ်ပါဘူး၊ အဓိကက မြန်မာ့တပ်မတော်လှုပ်ရှားမှုပေါ် မူတည်ပါတယ်၊ မြန်မာ့တပ်မတော်က ကျနော်တို့ဒေသထဲမှာ ထိုးစစ်လှုပ်ရှားမှုတွေ ရပ်မယ်၊ အပစ်ခတ်ရပ်စဲရေးလုပ်မယ်ဆိုရင်တော့ ဒါကျနော်တို့ ဒီစစ်ဆင်ရေးလုပ်စရာ အကြောင်း မရှိပါဘူး။
မေး - တပ်မတော်ဘက်က ဘယ်လိုတုံ့ပြန်နေလဲ။
ဖြေ - လောလောဆယ်တော့ ဘာမှမသိသေးပါဘူးခင်ဗျာ၊ ကျနော်တို့ ၂ ဘက်အပြန် အလှန်ပစ်ခတ်ကြတာ ဒါပဲရှိပါတယ်၊ တချို့နေရာတွေမှာ ခုထိဖြစ်နေတုန်းပဲ ( မွန်းလွဲ ၁ နာရီခန့် ) မုံးကိုးဘက်မှာဖြစ်တယ်၊ ကြူကုတ်ပန်ဆိုင်းဘက်မှာဖြစ်တယ်၊ ပြးတော့ ကွတ်ခိုင်အရှေ့ဘက်ခြမ်း တချို့နေရာမှာလည်း ဖြစ်နေတယ်။
မေး - မနေ့တနေ့ကရော တိုက်ပွဲတွေ ဖြစ်သေးလား။
ဖြေ - မနေ့က ကျနော်တို့ ကျောက်မဲဘက်မှာလည်းဖြစ်တယ်၊ မန်တုံဘက်မှာလည်းဖြစ်တယ်၊ နမ့်ခမ်းမှာလည်း ဖြစ်တယ်။ နမ့်ခမ်းမှာ အမျိုးသမီးတယောက် မြန်မာ့တပ်မတော်က ပစ်လိုက်တဲ့ လက်နက်ကြီးထိတယ်။
မေး - တိုင်းရင်းသားလက်နက်ကိုင်ဘက်က အသာစီးရရင်နယ်မြေတွေ သိမ်းပိုက်ဖို့ အစီအစ ဉ်ရှိပါ သလား ။
ဖြေ - အဲဒါတော့ ပြောလို့မရသေးပါဘူး ၊ လောလောဆယ် ဒီလိုပဲ လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်နေတာပါ။
6 years Ago