တာ့ဂျ်မဟာဗိမာန် ပြန်ဖွင့်

July 6, 2020

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ၃ လကြာပိတ်ထားသည့် တာ့ဂျ်မဟာဗိမာန် ပြန်ဖွင့်

ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ဖို့ ၃ လကြာပိတ်ထားတဲ့ ကမ္ဘာ့အံ့ဖွယ် စာရင်းဝင် အိန္ဒိယနိုင်ငံက တာ့ဂျ်မဟာအဆောက်အအုံကို ကန့်သတ်ချက်တွေနဲ့အတူ ဇူလိုင် ၆ ရက်မှာ ပြန်ဖွင့်ပေးလိုက်ပါတယ်။ အဆောက်အအုံကို လာလည်သူတိုင်း ပါးစပ် နှာခေါင်းစည်းတွေကို တချိန်လုံး ဝတ်ထားရမှာဖြစ်ပြီး လူချင်းခွာခွာနေရမှာဖြစ်သလို ၁၇ ရာစုက တည်ထားခဲ့တဲ့ ဗိမာန်ရဲ့ ကျောက်သားမျက်နှာပြင်တွေကိုလည်း မထိရပါဘူး။ တရက်ကို ကမ္ဘာလှည့်ခရီးသည် အယောက် ငါးထောင်ကို အုပ်စု ၂ ခုခွဲပြီး ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။  အိန္ဒိယမြောက်ပိုင်းက အဂ္ဂရာမြို့မှာ ဆောက်ထားတဲ့ ဒီတာ့ဂျ်မဟာဗိမာန်ကို အရင်က တရက်ကို လူ ၈ သောင်းထိ လာရောက် လည်ပတ်လေ့ ရှိပါတယ်။ အင်ပါယာပြည့်ရှင် ရှားဂျာဟန်က အသက် ၂၂ နှစ်အရွယ် သူ့ဇနီးအတွက် ဆောက်ထားတဲ့ တာ့ဂျ်မဟာဗိမာန်နဲ့တကွ တခြားဗိမာန်တွေ၊ လည်ပတ်စရာ နေရာတွေအားလုံးကို ပိုးသတ်တာ၊ လူချင်းခွာတာနဲ့ တခြားကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကန့်သတ်ပြီး ပြန်ဖွင့်သင့်တယ်လို့ ပြည်ထောင်စုခရီးသွားလုပ်ငန်းဝန်ကြီးဌာနက တွစ်တာလူမှုကွန်ရက်မှာ ပြောပါတယ်။ အိန္ဒိယဟာ ကျန်ခဲ့တဲ့ ၃ လအတွင်း ကိုရိုနာဗိုင်းရပ်စ်ကို အမြန်ဆုံးနှုန်းနဲ့ ကူးစက်ခံနေရပေမယ့် တာ့ဂျ်မဟာဗိမာန်နဲ့ နယူးဒေလီမြို့တော်က သမိုင်းဝင် ခံတပ်နီအပါအဝင် တခြားဗိမာန်တွေကိုပါ ပြန်ဖွင့်နေပါတယ်။  လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ အသွားအလာ ပိတ်ဆို့ကန့်သတ်တဲ့ လော့ဒေါင်းချခဲ့လို့ ထောင်သောင်းချီတဲ့ လူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ပြီး စီးပွားရေးလုပ်ငန်းတွေ ပိတ်သိမ်းရတဲ့အတွက် အစိုးရက လော့ဒေါင်းကို ပြန်ဖွင့်ပေးခဲ့ရပါတယ်။ ပြည်တွင်းခရီးသွားမှုကို ပြန်ဖွင့်ပေးခဲ့ပြီး နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကိုတော့ ဆိုင်းငံ့ထားဆဲပါ။  ဇူလိုင် ၆ရက် မနက် ၁၁ နာရီထိ အတည်ပြုချက်အရ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ကူးစက်ခံဦးရေ တတိယအများဆုံးနိုင်ငံ နေရာကို ရောက်လာပြီး ကူးစက်ခံ ဦးရေ ၆၉၈,၀၀၀ နီးပါး ရှိနေကာ ၁၉,၇၀၀ ဦး သေဆုံးထားပါတယ်။
10 months Ago
Up