တာဝေးပြေးပြီး ရန်ပုံငွေရှာခဲ့သည့် ထိုင်းအဆိုတော်၏ဖိနပ် ၈ ရံ လေလံတင်၊ ဘတ်သန်းချီရ

December 28, 2017

တာဝေးပြေးပြီး ရန်ပုံငွေရှာခဲ့သည့် ထိုင်းအဆိုတော်၏ဖိနပ် ၈ ရံ လေလံတင်၊ ဘတ်သန်းချီရ

ထိုင်းနိုင်ငံ ဗဟိုပြည်သူ့ဆေးရုံကြီး ၁၁ ခုအတွက် လိုအပ်တဲ့ ဆေးဝါးကိရိယာတွေ ထောက်ပံ့ဖို့ ထိုင်းတောင်ဘက်စွန်းမြို့ကနေ မြောက်ဘက်စွန်းမြို့ကို တာဝေးပြေးခဲ့တဲ့ အဆိုတော် တွန်ဘော်ဒီး ဆလမ်ဟာ ဒီခရီးစဉ်တလျှောက်လုံးမှာ စီးနင်းလာခဲ့တဲ့ အားကစားဖိနပ် ၈ ရံကို လေလံတင်ပြီး ထပ်မံရန်ပုံငွေ ရှာခဲ့ပါတယ်။ အဲဒီဖိနပ် ၈ ရံစလုံးမှာ သူပြေးလွှားခဲ့တဲ့ ခရီးစဉ်က အမှတ်တရဖြစ်စဉ်တွေပေါ် မူတည်ပြီး အမည်ကိုယ်စီ မှည့်ပေးထားတာပါ။ ၁) “ပိအွန်ဆုဆု" လို့ အမည်ပေးထားတဲ့ ဖိနပ်ကတော့ အဲဒီတရံကိုစီးပြီး နွန်ထပူရီခရိုင်ရောက်စဉ် မူကြိုကလေးတွေက သူ့အမည် တွန်ကို မပီကလာပီကလာ အွန်လို့ အော်ဟစ်အားပေးနေတဲ့အသံဟာ လူတိုင်းကို ပြုံးစေခဲ့လို့ မှည့်ခေါ်ထားတာပါ။ လေလံဈေး ဘတ်တသိန်းလေးသောင်း ရခဲ့ပါတယ်။ ၂) “ဘိုတွန် ဘိုဘန်" လို့ခေါ်ပါတယ်၊ အဲဒီတရံကိုစီးပြီး ဘန်ဆဖန်းမြို့နယ်မှာ ပြေးစဉ်  ထိုင်းနိုင်ငံရဲ့ အတော်ဆုံးလက်ဝှေ့သမား ဘန်က သူနဲ့အတူလိုက်ပြီး ပြေးလွှား အလှူငွေကောက်ခဲ့တဲ့ အထိမ်းအမှတ်နဲ့ မှည့်ထားတာပါ။ လေလံဈေး ၁၉၉၉၉၉၉၉  (သန်းနှစ်ဆယ်ပြည့်ဖို့ တဘတ်အလို) ရခဲ့ပါတယ်။ ၃) “ဆယ့်ခြောက်သန်း" အဲဒီတရံကိုစီးပြီး ထိုင်းတောင်ပိုင်း နခွန်ဆီထမရတ်ကို ဖြတ်ပြေးလာစဉ် သူဌေးကြီး ဂျင်မီချဝလာက ဘတ် ၁၆ သန်းလှူတဲ့ အထိမ်းအမှတ် ဖြစ်ပါတယ်။ လေလံဈေး ၂ သိန်း ရပါတယ်။ ၄) “လုမ့်လုတ်” လဲရင်ပြန်ထလို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီတရံကိုစီးပြီး ပြေးစဉ် ဟွာဟင်မြို့အရောက် ခြေထောက်နာကျင်လွန်းလို့ ၂ ရက်ထိ အနားယူပြီးမှ အပြေးခရီး ပြန်ဆက်နိုင်ခဲ့လို့ မှည့်ထားတာပါ။ လေလံဈေး ဘတ် ၃ သိန်း ရပါတယ်။ ၅) “ခိန့်ထန်း" ခရီးတဝက်လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီတရံကိုစီးစဉ် သတ်မှတ်ထားတဲ့ ခရီးစဉ်အကွာအဝေးရဲ့ထက်ဝက် ၁၀၉၅ ကီလိုမီတာရခဲ့တာ ဖြစ်ပါတယ်။ လေလံကြေး ဘတ် ၁ သိန်း ၉ သောင်းပါ။ ၆) “လွဲဖာ့" ကောင်းကင်မှာခိုလို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီတရံကိုစီးပြီး ဒီဇင်ဘာ ၃ ရက်နေ့က ဂုံးကျော်တံတားတခု ဖြတ်သန်းစဉ် ပြည်သူတွေက တံတားပေါ်မှာရော မြင့်မားတဲ့ တိုက်ခန်းတွေပေါ်ကနေပါ တခဲနက်အားပေးကြတဲ့ အမှတ်တရဖြစ်ပါတယ်။ လေလံကြေး ၁ သိန်း ၅ သောင်း ရပါတယ်။ ၇) “ကန်ကရုန်း" ဘန်ကောက်မြို့လယ်ခေါင်လို့ အဓိပ္ပာယ်ရပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နွန်ထပူရီမှာ ရောက်စဉ် စီးတဲ့ဖိနပ်ဖြစ်ပြီး မြောက်ပိုင်းဒေသကို ခရီးစထွက်ခဲ့တဲ့ တရံလည်းဖြစ်ပါတယ်။ လေလံကြေး ၁ သိန်း ၃ သောင်းပါ။ ၈) “ထန်းကလပ်ဘန့်" အပြန်ခရီးလို့ အမည်ပေးထားပါတယ်။ အဲဒီဖိနပ်နဲ့ တွန်ရဲ့မွေးရပ်မြေ ဆုဖန်းပူရီခရိုင်ကို ဖြတ်ပြေးစဉ် ဇာတိမြေ ဆွေမျိုးတွေရဲ့ တခဲနက်အားပေးမှု ခံခဲ့ရတာဖြစ်ပါတယ်။ လေလံကြေး ၃၃၃၃၃ ကျော် ရခဲ့ပါတယ်။ အဲဒီဖိနပ် ၈ ရံကို ဒီဇင်ဘာ ၁၈ ရက်နေ့က စတင်လေလံရောင်းချပြီး ဒီဇင်ဘာ ၂၅ ရက်မှာ လေလံပိတ်သိမ်းတာ ဖြစ်ပြီး ရရှိငွေအားလုံးဟာလည်း ဆေးရုံ ၁၁ ရုံ အလှူငွေအတွက်ပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့ထိ ကောက်ခံရရှိ အလှူငွေ ဘတ်သန်းပေါင်း ၁၂၃၇၄၄၁၄၅၉ ဖြစ်ပါတယ်။ ရက်ပေါင်း ၅၅ ရက်အတွင်း အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အလှူငွေကောက်ခဲ့တဲ့ တွန် ဘော်ဒီဆလမ်နဲ့ အဖွဲ့သားတွေကို ထပ်ဆင့်ဂုဏ်ပြုတဲ့အနေနဲ့ ထိုင်းဝန်ကြီးချုပ်က   ဘန်ကောက်ကိုပြန်ဖို့ တပ်မတော်လေယာဉ် အကောင်းစားတစီး စီစဉ်ပေးခဲ့ပါတယ်။ တွန်ကတော့ သူ့အနေနဲ့ ချင်းရိုင်းမှာ ထပ်မံအနားယူချင်သေးသလို အဖွဲ့သားတချို့လည်း လေယာဉ်လက်မှတ် ဝယ်ပြီးသားဖြစ်လို့ ဝန်ကြီးချုပ်ကို ကျေးဇူးတင်ပြီး အထူးလေယာဉ်စီးဖို့တော့ ငြင်းပယ်ခဲ့ပါတယ်။ ဓာတ်ပုံ - bangkokbiznews  
3 years Ago
Up