နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဦးဆောင်မှုအောက်မှာ အာရှတိုက်ကိုကျော်ပြီး ပစ်ခတ်နိုင်တဲ့ တာဝေးပစ် နျူကလီးယား ဒုံးလက်နက်တွေကို အချိန်မရွေး နေရာမရွေး စမ်းသပ်နိုင်တဲ့အကြောင်း မြောက်ကိုရီးယားအစိုးရပိုင် ကေအာတီ ရုပ်သံဌာနက ဇန်နဝါရီ ၈ ရက်နေ့မှာ ထုတ်လွှင့်ကြေညာလိုက်ပါတယ်။
ဒါ့အပြင် လက်နက်တွေ တိုးချဲ့ထုတ်လုပ်နေတဲ့ အမေရိကန်ရဲ့ မူဝါဒအတွက် သူတို့ကိုသာ အပြစ်တင်သင့်တယ်လို့လည်း ကေအာတီသတင်းမှာ ကြေညာသွားပါတယ်။
ကေအာတီရုပ်သံ သတင်းကြေညာသူက “ဌာနချုပ်ကနေ ဆုံးဖြတ်ချက်ချပြီးတဲ့အခါ အာရှတိုက်ကိုကျော်ပြီး ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုတွေကို အချိန်မရွေး နေရာမရွေး စတင်ပါလိမ့်မယ်” လို့ ကြေညာသွားပါတယ်။
ဒီ့နောက် ဆက်ပြီး “အမေရိကန်ရဲ့ နှစ်ပေါင်းများစွာ ရန်လိုတဲ့ မူဝါဒက ကျမတို့ကို ဒီလို ဒုံးကျည်စမ်းသပ်မှုတွေလုပ်ဖို့ တွန်းအားပေးသလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် အမေရိကန်ကိုပဲ အပြစ်တင်သင့်ပါတယ်” လို့ ကြေညာသွားပါတယ်။
မြောက်ကိုရီးယား နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဖိအားပေးဖို့အတွက် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့သီတင်းပတ်က ဆွေးနွေးအပြီးမှာ မြောက်ကိုရီးယားဘက်က အခုလို တုံ့ပြန်လိုက်တာဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
6 years Ago