တာမွေမဲဆန္ဒနယ်

October 30, 2018

သမ္မတဦးဝင်းမြင့် တာမွေမဲရုံတွင် ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးမည်

ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မဲရုံမှာ လာရောက် ဆန္ဒမဲပေးမယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ သမ္မအိမ်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောဆိုလိုက်တာပါ။ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက "ကြိုတင်မဲပေးရမယ့်ဟာ အချိန်က မမီတော့ဘူး။ မမီတော့ သမ္မတကြီးကိုယ်တိုင် မဲပေးဖို့ ကျနော်တို့ စီစဉ်နေတယ်။ နောက်တခုက သမ္မတကြီး အိမ်ထောင်စုစာရင်းကလည်း တာမွေမှာပဲ ရှိနေတယ်။ အဲဒီမှာ အိမ်ထောင်စုစာရင်းဝင်နေတယ်၊ ဝင်နေတော့ အဲဒီတာမွေမှာပဲ မဲပေးဖို့ ကိုယ်တိုင်ကိုယ်ကျ နိုဝင်ဘာ ၃ ရက်နေ့မှာ မဲပေးဖို့ အကြမ်းဖျင်း လျာထားတယ်" လို့ ပြောပါတယ်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမှာဖြစ်ပြီး တာမွေမြို့နယ်မှာတော့ မဲရုံပေါင်း ၂၀ လောက် ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တာမွေမြို့နယ် မဲဆန္ဒနယ်ကနေ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
4 years Ago

August 7, 2018

သမ္မတဦးဝင်းမြင့်၏ တာမွေမဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၈ ဦးပြိုင်မည်

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည် စာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ နိုင်ငံပိုင် သတင်းစာတွေကနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကြေညာထားတဲ့ စာရင်းတွေအရ သမ္မတ ဦးဝင်းမြင့်ရဲ့ လစ်လပ်မဲဆန္ဒနယ်ဖြစ်တဲ့ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကမ်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ် ၈ ဦးစီနဲ့ အများဆုံး ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။ တာမွေမှာ ဝင်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကတော့  အန်အယ်လ်ဒီပါတီက ဦးတိုးဝင်း၊ ကြံ့ခိုင်ရေးပါတီက ဦးမျိုးဝင်းကျော်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ဦးမြင့်ကြည်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်သက်သက်အေး၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီက ဦးမြင့်ဆန်းထွန်း၊ ပြည်သူ့အလုပ်သမားပါတီက ဦးထွန်းထွန်းဝင်း၊ မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဦးဇင်အောင်နဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ် ဒီမိုကရေစီပါတီက ဦးစီစီနော်ဂျာတို့ ဖြစ်ပါတယ်။ ကိုယ်စားလှယ် အနည်းဆုံးဝင်ပြိုင်မယ့် မဲဆန္ဒနယ်ကတော့ ချင်းပြည်နယ် မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ဖြစ်ပြီး အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ဦးအောင်ထန်းနဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးအောင်လျန်တို့ နှစ်ဦးပဲ ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံတဝန်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကိုယ်စားလှယ်လောင်းပေါင်း  ၆၉ ဦး ၀င်ပြိုင်ကြမယ့်အထဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ဦး ပါဝင်ပြီး ကျန်တဲ့  ၆၁ ဦးကတော့ ပါတီတွေကို ကိုယ်စားပြု ယှဉ်ပြိုင်ကြမှာပါ။ အမျိုးသမီးလွှတ်တော်အမတ်လောင်းတွေကတော့ ၇ ဦးသာ ပါဝင်ပြီး အန်အယ်လ်ဒီ၊ အက်စ် အန်အယ်လ်ဒီ၊ အန်ဒီအက်ဖ်၊  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းနီပါတီ၊ ပြည်ထောင်စု ဖက်ဒရယ် ဒီမိုကရေစီပါတီတွေက ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ၂၀၁၈ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေမှာ သြဂုတ် ၆ ရက်က စပြီး ကပ်ထား၊ ကြေညာထားတယ်လို့ သိရပါတယ်။
5 years Ago
Up