တာဝန်ရှိသူ ၃ ဦး

January 22, 2020

ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ ၃ ဦးကို အဂတိအမှုဖြင့် စွဲချက်တင်အမိန့်ချ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အမှု ၄ မှု၊ GGS ကုမ္ပဏီမှ တာဝန်ရှိသူ ၃ ဦးကို အမှု ၂ မှုနဲ့ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်က ဇန်နဝါရီ ၂၁ ရက်နေ့မှာ စွဲချက်တင် အမိန့်ချလိုက်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီက ၂၀၁၉ ခုနှစ်၊ မတ်လက ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ နဲ့ တရားစွဲဆိုခဲ့ပြီး တရားလိုပြသက်သေ ၈၄ ဦးကို စစ်ဆေးပြီးနောက် အခုလို စွဲချက်တင် အမိန့်ချခဲ့တာပါ။ စွဲချက်တင် အမိန့်ချပြီးနောက် ဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီမှ တာဝန်ရှိသူ ၃ ဦးက တရားလိုပြသက်သေ ၃၁ ဦးကို ပြန်ခေါ်စစ်ဆေးပေးဖို့ တင်ပြခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောပါတယ်။ “နောက်ရုံးချိန်းကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ ပြန်ခေါ်သက်သေ ဦးသန်းဇော်၀င်းနဲ့ ဦးဖြိုးဝင်းထွန်းတို့ကို စစ်ဆေးဖို့ ချိန်းထားခြင်းပဲ ဖြစ်ပါတယ်။” စွဲချက်အမိန့်နဲ့ပတ်သက်လို့ မကျေနပ်ပါက တရားရုံးများလက်စွဲပုဒ် ၇၇၆ အရ အမိန့်ချမှတ်တဲ့နေ့မှ ရက်ပေါင်း ၆၀ အတွင်းမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်မှု လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ ဒေါက်တာလဲ့လဲ့မော်နဲ့ ဦးသိန်းထွေး၊ ဦးအောင်မြတ်၊ ဦးသူရအုံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထားဝယ် မြို့မရဲစခန်းမှာ အမှု ၄ မှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြီးခဲ့တဲ့နှစ် မတ်လ ၁၀ ရက်နေ့က အမှုဖွင့်ပြီး မတ်လ ၂၅ ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ကို ရုံးထုတ်ပြီး တရားစွဲတင်ခဲ့တာ ဖြစ်ပါတယ်။ တင့်လွင်
1 year Ago
Up