ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆၊ ကော့ကရိတ် (ဒူးပလာယာ) ခရိုင်မှာ ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်တဲ့ ခရိုင်အရေးပေါ်အစည်းအဝေးအတွင်း ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းဟာ တာဝန်ကနေ နုတ်ထွက် ခွင့်တောင်းခံခဲ့တယ်လို့ ဗဟိုကော်မတီတာဝန်ရှိသူဆီက သိရပါတယ်။
တပ်မဟာ ၆ ခရိုင်ဥက္ကဋ္ဌ တာဝန်ကို ဗဟိုကွန်ဂရက်ကနေအတည်ပြုခဲ့ပြီး တာဝန်ထမ်းဆောင်နေရာ က ခရိုင်အရေးပေါ်အစည်းအဝေးမှာ တရားဝင်တင်ပြခဲ့တဲ့အတွက် ဗဟိုကွန်ဂရက် မကျင်းပ ချိန်အထိ နုတ်ထွက်အနားယူခွင့် ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ကေအန်ယူဗဟိုကော်မတီဝင် (ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ) ပဒိုသမိန်ထောက “အစည်းအဝေး ကနေပဲ သူကို နုတ်ထွက်ခွင့်ပေးလိုက်တယ်။ ဒီအပေါ်မှာတော့ ကျနော်ဘာမှ မှတ်ချက် မပေးချင်ပါဘူး။ သူထွက်သွားတာလည်း တမျိုးတော့ အေးတာပေါ့။ သူစိတ်ဆန္ဒမပါဘဲ ခရိုင်ဥက္ကဋ္ဌ တက်လုပ်နေရတာ မဖြစ်ဘူးလေ။ မနှောင့်ယှက်ဖို့ပဲ လိုတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ခရိုင်အရေးပေါ် အစည်းအဝေးပြုလုပ်နေဆဲဖြစ်ပြီး ခရိုင်ဥက္ကဋ္ဌတာဝန်ကို ခရိုင်ဒုဥက္ကဋ္ဌ ဖြစ်သူ တပ်မဟာ ၆ တပ်မဟာမှူးက ဆက်လက်တာဝန်ယူသွားမှာဖြစ်ပြီး ကေအန်ယူဖွဲ့စည်းပုံအရ ဗဟိုနဲ့ ခရိုင်အဆင့် ရွေးချယ်ခံရတဲ့ ခေါင်းဆောင်တွေဟာ ၄ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်
တပ်မဟာ ၆ နယ်မြေအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ NUG၊ PDF၊ CDM တွေကို စစ်ကောင်စီရဲ့ တပ်တွေ နယ်မြေကျော်ဝင်ရောက်ပြီး ရှာဖွေဖမ်းဆီမှုတွေ ပြုလုပ်နေတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပေါ် ခရိုင်ဥက္ကဋ္ဌဖြစ်သူ ပဒိုစောရွှေမောင်းနဲ့ ခရိုင်အဆင့်တာဝန်ရှိသူတွေအကြား သဘောထားကွဲလွဲတာတွေရှိတယ်လို့ ကေအန်ယူတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ခရိုင်ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ပဒိုစောရွှေမောင်းဟာ ကရင်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့မှာ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ပါဝင်ပြီး တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။
ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီရဲ့တပ်တွေဟာ နယ်မြေကျော်ဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားတာ၊ အင်အားတိုးချဲ့တာ၊ လက်နက်ခဲယမ်း ဖြည့်တင်းတာ၊ စခန်းတိုးချဲ့တည်ဆောက်တာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ ခိုင်းစေတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေအပြင် လူ့အခွင့်အရေးချိုးဖောက်တာတွေကြောင့် နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်နေတာပါ။
အခုလို နှစ်ဖက်တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ နေအိမ်တွေ၊ လုပ်ငန်းခွင်တွေကို စွန့်ခွာပြီး နီးစပ်ရာဆွေမျိုးတွေဆီနဲ့ တောတောင်တွေထဲ ထွက်ပြေးခဲ့ရတဲ့အတွက် နေထိုင်စား သောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို ရေရှည်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် နေထိုင်စားသောက်ရေးအတွက် အခက်အခဲတွေ ပိုမိုရင်ဆိုင်ရနိုင်တယ်လို့ စစ်ပြေးရှောင်တွေက ဆိုပါတယ်။
မန္တလေးတိုင်းမိုးကုတ်မြို့ သဒွတ်လျှိုကျေးရွာအုပ်စုက ကျေးရွာတာဝန်ခံ ရာအိမ်မှူး နဲ့ ဆယ်အိမ်မှူးတို့ ၃ ဦး အောက်တိုဘာ ၅ ရက်နေ့ကစတင်ပြီး တာဝန်ကနေ နုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။
သဒွတ်လျှိုကျေးရွာအုပ်စုတာဝန်ခံ ဦးသန်းထိုက်ရဲ့ နုတ်ထွက်စာမှာ “မိမိလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ကျေးရွာတာဝန်ခံ တာဝန်ကို ဒီနေ့ (အောက်တိုဘာ ၅ ရက်) မှစ၍ မိမိ၏လွတ်လပ်သော သဘောဆန္ဒအရ ကျေးရွာတာဝန်ခံအဖြစ်မှ ရပ်စဲ (နုတ်ထွက်) လိုက်ပြီ” လို့ စာမှာ ဖော်ပြထားပါတယ်။
သူနဲ့အတူ တာဝန်ထမ်းဆောင်နေတဲ့ ရာအိမ်မှူး စိုးမင်းလတ်နဲ့ ဆယ်အိမ်မှူးဦးနိုင်လင်းတို့က တာဝန်အသီးသီးကနေ နုတ်ထွက်လိုက်တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ ဖေဖော်ဝါရီလလောက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့နုတ်ထွက်ခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ခန့်အပ်ပြီးနောက်မှာတော့ အခုအကြိမ်က ပထမဆုံး အနေနဲ့ တာဝန်ကနေ နုတ်ထွက်ကြတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မိုးကုတ်မြို့ ရေပူရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးစန်းလွင် သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။