တာဝန်ရှိသူပြော

October 28, 2017

ခရစ်ယာန်သင်းအုပ်ဆရာနှစ်ဦး ထောင်ချခံရမှု ရေရှည် စိုးရိမ်စရာဟု တာဝန်ရှိသူပြော

ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းခေါင်းဆောင်နှစ်ယောက်ကို တရားရုံးက ပြစ်ဒဏ်တွေချမှတ်လိုက်တဲ့အပေါ် ရေရှည်မှာ စိုးရိမ်စရာဖြစ်တယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ် ဆမ်ဆွန်က ပြောပါတယ်။ မုံးကိုးမြို့နယ်က သင်းအုပ်ဆရာ ဦးနောင်လတ်နဲ့ ဦးဂမ်ဆိုင်းတို့ကို မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ပို့ကုန်သွင်းကုန်ဥပဒေတို့နဲ့ လားရှိုးတရားရုံးမှာ မနေ့က ထောင်ဒဏ် ၄ နှစ်နဲ့ ၃ လစီ ချမှတ်လိုက်တာပါ။ ဒေါက်တာ ခလမ် ဆမ်ဆွန်က “ခရစ်ယာန်ဆရာတွေမှာ ရန်သူ၊ မိတ်ဆွေ မရှိဘူးလေ။ ဆုတောင်းဖို့ သွားတာမှာ မတရားအသင်းနဲ့ ဆက်သွယ်တာဆိုပြီး ဖမ်းနေတယ် ဆိုရင်တော့ ရေရှည်မှာ စိုးရိမ်စရာ ကောင်းပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ပြီးတော့ သူတို့အတွက် အယူခံဝင်ဖို့ရှိတဲ့အကြောင်းနဲ့ လာမယ့် ၃၁ ရက်နေ့မှာ အစည်းအဝေး လုပ်ဖို့ရှိပြီး အဲဒီနောက်မှာမှ ဘာဆက်လုပ်မယ်ဆိုတာကို အသေးစိတ် ပြောနိုင်မယ်လို့လည်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအကြောင်း သတင်းလာယူတဲ့ သတင်းထောက်တွေကို လိုက်ပါ ကူညီခဲ့ပြီးနောက်မှာ တပ်မတော်က ဖမ်းဆီးခဲ့တာပါ။ သူတို့ကို တပ်မတော်က ဖမ်းတာမဟုတ်ဘူးလို့ ပျောက်ဆုံးပြီးကာစမှာ အဲဒီတုန်းက သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေကို ပြောပါတယ်။ အဲဒီနောက် ၁၀ ရက်လောက် အကြာမှာပဲ သူတို့ကို ဖမ်းဆီးထားကြောင်း တပ်မတော်က ထုတ်ပြန်တာပါ။ သတင်းစာဆရာတွေကို ကူညီခဲ့တဲ့အတွက် ပစ်မှတ်ထားတဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။  ပြီးတော့ နိုင်ငံသားတွေကို တရားမဲ့ ဖမ်းဆီးနိုင်တဲ့ မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ တခြား ဥပဒေတွေကို သုံးစွဲတာ ရပ်တန့်ဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
4 years Ago

May 25, 2017

မဘသ ဘဏ်စာရင်းမရှိဟု ယူနိုက်တက်အမရဘဏ် တာဝန်ရှိသူပြော

မဘသအဖွဲ့နဲ့ ယူနိုက်တက် အမရဘဏ်တို့ ပတ်သက်ဆက်နွှယ်မှုရှိတယ်ဆိုပြီး သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုရဲ့ ပြောကြားချက်ဟာ မမှန်ဘူးလို့ ဘဏ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးသိန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။ “၂၀၁၆ တုန်းက ကောလာဟလကို မူတည်ပြီးတော့ သူက ပြောသွားတယ်။ အဲဒီတုန်းက ဆိုရှယ်မီဒီယာ အတုကနေပြီးတော့ တင်သွားတာ။ အဲဒီ ပေ့ဂ်ျကိုလည်း ကျွန်တော်တို့ ရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။ ဘဏ်တစ်ခုကို အဲဒီလို ပြောလိုက်တာက ဘဏ်လုပ်ငန်းတစ်ခုလုံးကို မလိုလားအပ်တဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်” လို့ အမှုဆောင်အရာရှိချုပ် ဦးသိန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။ ဒီလို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီးကို တုံ့ပြန်ဖို့တော့မရှိပါဘူးလို့ လည်း သူက ဆက်ပြောပါတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေရဲ့ ဘဏ်တွေမှာ အပ်နှံတဲ့ ငွေစာရင်းကို ဗဟိုဘဏ်က တဆင့် တောင်းခံခဲ့ပေမယ့် နောက်ကျမှ ရတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး က မီဒီယာတွေကိုပြောပါတယ်။ အမရဘဏ် အမှုဆောင်အရာရှိချုပ်ကတော့ သူတို့ဘဏ်ဟာ ဗဟိုဘဏ်က တောင်းခံတဲ့ အချက်အလက်တိုင်းကို အချိန်မီ ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ “တောင်းတာကတော့ သာသနာရေးနဲ့ ဘာသာရေးအဖွဲ့အစည်းပေါ့နော်။ တိုက်ရိုက်ပြောရရင်တော့ မဘသ အဖွဲ့အစည်းတွေက ကျွန်တော်တို့ဘဏ်မှာ အကောင့်ရှိသလား ဆိုရင် မရှိဘူးလို့ အတိအကျ ပြောလို့ရတယ်” လို့ ဦးသိန်းလွင်က ပြောပါတယ်။ စနေ၊ တနင်္ဂနွေမှာ ငွေတွေ ထုတ်ပေးခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း မဟုတ်မှန်ဘူးလို့ ဘဏ်တာဝန်ရှိသူက အခိုင်အမာပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားရေး လှုပ်ရှားသူတွေက သာသနာရေးဝန်ကြီး နှုတ်ထွက်ဖို့ နေပြည်တော်မှာ ဆန္ဒပြခဲ့ကြပြီး ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဘဏ်စာရင်း အချက်အလက်တွေကို ဗဟိုဘဏ်မှာ တောင်းခံထားတယ်လို့ ၀န်ကြီး သူရ ဦးအောင်ကိုက မနေ့က မီဒီယာတွေကို တွေ့ဆုံ ပြောကြားထားပါတယ်။ ဒါပေမယ့် ယူနိုက်တက် အမရဘဏ် အမှုဆောင်အရာရှိချုပ်ကတော့ ခုချိန်ထိ ဗဟိုဘဏ်ရဲ့  ညွှန်ကြားချက် တစုံတရာ မရှိသေးဘူးလို့ မေ ၂၅ ရက်နေ့က ပြောပါတယ်။
4 years Ago
Up