တာလီဘန်

January 20, 2023

ကုလလက်ထောက်အကြီးအကဲနှင့် အာဖဂန် ယာယီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် အမီနာမိုဟာမက်ဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ယာယီနိုင်ငံခြားရေးဝန်ကြီး အာမီရ်ခန် မွတ်တာကီနဲ့ ဇန်နဝါရီ ၁၈ ရက်က တွေ့ဆုံခဲ့ပါတယ်။

တာလီဘန် အာဏာပိုင်တွေက အမျိုးသမီး NGO ဝန်ထမ်း အများစုကို အလုပ်ရပ်ဆိုင်းဖို့နဲ့ အမျိုးသမီးတွေ တက္ကသိုလ်တက်ရောက်ခွင့်ကို ပိတ်ပင်ဖို့ အမိန့်ပေးခဲ့ပြီးတဲ့နောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင် ကိစ္စရပ်တွေအတွက် ဆွေးနွေးခဲ့ကြပါတယ်။

အမီနာမိုဟာမက်ဟာ အာဖဂန်မြို့တော် ကဘူးလ်ကို ရောက်ရှိနေတာဖြစ်ပြီး အာဖဂန်မှာရှိတဲ့ သံတမန်တွေ၊ အာဖဂန်ရွှေ့ပြောင်းအခြေချသူတွေနဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့ကို အာဖဂန်နစ္စတန်က လက်ရှိအခြေအနေတွေအကြောင်း တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

ဒီအစည်းအဝေးတွေရဲ့ တစိတ်တပိုင်းအဖြစ် တူရကီ၊ ကာတာနဲ့ ပါကစ္စတန်နိုင်ငံတို့ကိုလည်း သွားရောက်ဖို့ ရှိနေတာပါ။

ကဘူးလ်မြို့မှာတော့ အမီနာမိုဟာမက်ဟာ ယာယီနိုင်ငံခြားရေးဝန်ကြီး အာမီရ်ခန်း မွတ်တာကီနဲ့ တွေ့ဆုံခဲ့တာလို့ အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တာလီဘန်အစိုးရကို တရားဝင် အသိအမှတ် မပြုတာ၊ တာဘီဘန်ခေါင်းဆောင်တွေကို ခရီးသွားလာမှု ကန့်သတ်ချက်တွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့အရေးယူတာတွေက ပြဿနာတွေ ဖြစ်ပွားစေနိုင်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ဒါတွေကို ဖြေရှင်းပေးသင့်တယ်လို့ မွတ်တာကီက ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးတွေဟာ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ အလုပ်လုပ်ကိုင်နိုင်တယ်လို့လည်း မွတ်တာကီက ပြောသွားပါတယ်။

2 weeks Ago

December 29, 2022

တာလီဘန်လက်အောက် အာဖဂန်အမျိုးသမီးများ အခွင့်အရေးပျောက်ဆုံးနေ

အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေ တက္ကသိုလ်တက်တာနဲ့ လူသားချင်း စာနာမှုအကူအညီပေးတဲ့ အန်ဂျီအိုတွေမှာ အလုပ်လုပ်တာကို တာလီဘန်အစိုးရက တားမြစ်တဲ့အပေါ်  စိတ်ပျက်မိတယ်လို့ အာဖဂန်တက္ကသိုလ်တခုရဲ့ အမျိုးသမီးပညာတတ်တဦးက ပြောပါတယ်။

“တာလီဘန်တွေရဲ့ အမိန့်အသစ်အရ အမျိုးသမီးတွေဟာ အာဖဂန်လူ့အဖွဲ့အစည်းမှာ နေရာမရှိလို့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်” လို့ အသက် ၂၅ နှစ်အရွယ် ကထိက ဘတ်ခ်ရှီက ပြောပါတယ်။

တာလီဘန်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ အာဖဂန်အမျိုးသမီးတွေရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်နေတဲ့ ဘတ်ခ်ရှီက သူတို့ကို ဆက်ပံ့ပိုးကူညီဖို့နဲ့ သူတို့ရဲ့အခက်အခဲကို အာရုံစိုက်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်တွေဦးစီးတဲ့ အဆင့်မြင့်ပညာဝန်ကြီးဌာနဟာ ဒီဇင်ဘာ ၂၀ ရက်က အမျိုးသမီးကျောင်းသူတွေ တက္ကသိုလ်ဝင်ခွင့်ကို တားမြစ်ပိတ်ပင်ခဲ့လို့ အမေရိကန်၊ ဗြိတိန်နဲ့ ကုလသမဂ္ဂတို့က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်မှာတော့ တာလီဘန်တွေက ပြည်တွင်းပြည်ပ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (အန်ဂျီအို) တွေမှာ အမျိုးသမီးဝန်ထမ်းတွေကို နောက်ထပ် အသိပေးစာ မထုတ်မချင်း အလုပ်လုပ်ခွင့် မပြုဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

အမျိုးသမီးတချို့ဟာ တာလီဘန်တွေရဲ့ အစ္စလာမ့်ဝတ်စားဆင်ယင်မှုဆိုင်ရာ ကျင့်ဝတ်စည်းကမ်းကို မလိုက်နာလို့ ခုလုပ်ရပ်က တရားမျှတတယ်လို့ တာလီဘန်တွေက ဆိုပါတယ်။

1 month Ago
More News
Up