တာရိုးကျိုး

August 5, 2020

အမရပူရမြို့နယ်က ရေဘေးရှောင်များ အိမ်ပြန်  

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ တာရိုးကျိုးပေါက်ခဲ့လို့ ရေဘေးရှောင်ခဲ့သူတွေအားလုံး လက်ရှိမှာ ရေပြန်ကျလို့ ကယ်ဆယ်ရေးစခန်းတွေကနေ သူတို့နေအိမ်တွေကို ပြန်နေကြပြီလို့  မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အမရပူရမြို့နယ် စစ်ကိုင်း-မန္တလေး ကမ်းနားလမ်း ရွှေခဲရေဆိုးထုတ်စက်ရုံအနီးမှာ ဇူလိုင် ၁၉ ရက်ညက တာရိုးကျိုးပေါက်တာကြောင့် ဧရာဝတီမြစ်ရေဟာ လူနေရပ်ကွက်တွေထဲ ဝင်ရောက်ခဲ့ပြီး လူပေါင်း ၁၄၀၀၀ လောက် ရေလွတ်ရာမှာ နေရာပြောင်းရွှေ့ နေထိုင်ခဲ့ရပါတယ်။ ရေဘေးသင့်သူတွေနေထိုင်ဖို့ ရေဘေးရှောင်စခန်း ၃၀ လောက်မှာ စီစဉ်နေရာချထားခဲ့ပြီး အခုအခါ ရေပြန်ကျပြီဖြစ်တာကြောင့် နဂိုနေအိမ်တွေမှာ ပြန်နေကြပြီဖြစ်ပါတယ်။ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်းက “နေအိမ်တွေမှာ ပြန်နေတဲ့အခါ ရာအိမ်မှူး ဆယ်အိမ်မှူးတွေနဲ့ပေါင်းပြီး သန့်ရှင်းရေးလုပ်ဖို့ ဆောင်ရွက်ပေးတာတွေ လျှပ်စစ်မီးဆင်တာတွေ လုပ်ပေးတယ်”လို့ ပြောပါတယ်။ ရေဘေးသင့်တွေအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့က ကူညီထောက်ပံ့တာတွေလုပ်တဲ့အပြင် အလှူရှင်တွေကလည်း ကူညီတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။   အခုအခါ ကျိုးပေါက်သွားတဲ့ တာရိုးကို စနစ်တကျပြန်ပိတ်နိုင်ခဲ့ပြီး ရေတွေကို စုတ်ထုတ်တာ တွေလည်း လုပ်ဆောင်နေတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ တာရိုးကျိုးခဲ့တဲ့အတွက် ယာဉ်တွေဖြတ်သန်းသွားလာလို့ မရတော့ဘဲ မြို့တွင်းလမ်းကနေ ဖြတ်ရတာကြောင့် ယာဉ်ကြောကြပ်တာတွေဖြစ်ပြီး ယာဉ်တွေဖြတ်သန်းသွားလာနိုင်ဖို့အတွက် အမြန်ဆုံး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။  သတင်း - နိုင်လင်းဦး
3 years Ago

July 22, 2020

အမရပူရမြို့နယ်ရှိ တာရိုးကျိုးပြီး ရေဝင်ခဲ့သည့်ရပ်ကွက်များတွင် ရေစုပ်ထုတ်ပေးနေ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ တာရိုးကျိုးပေါက်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် လူနေရပ်ကွက်တွေထဲ ဝင်ရောက်ခဲ့တဲ့ရေတွေကို တစ်နာရီ ရေဂါလံ တစ်သန်းနှုန်းနဲ့ စုပ်ထုတ်ပေးနေတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ က သိရပါတယ်။  စစ်ကိုင်း-မန္တလေး ကမ်းနားလမ်းမှာ အကောင်အထည်ဖော်နေတဲ့ ရွှေဂဲရေဆိုးထုတ် စက်ရုံမှ ရေဆိုးထုတ်မြောင်းဟာ ဇူလိုင်လ ၁၉ ရက်နေ့ ည ၈ နာရီကျော် ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေဟာ လူနေရပ်ကွက်တွေထဲ ဝင်ရောက်ခဲ့ပါတယ်။ အခုအခါ ကျိုးပေါက်နေတဲ့ တာရိုးကို ဧရာဝတီမြစ်ရေ မဝင်နိုင်အောင် တားဆီးနိုင်ခဲ့ပြီး ဖြစ်ကာ ရေစိမ့်ဝင်မှုနည်းသထက်နည်းအောင် စည်ပင်သာယာ၊ ကယ်ဆယ်ရေး၊ မီးသတ် စတဲ့ အဖွဲ့တွေက လူအင်အား စက်အင်အားတွေနဲ့ လုပ်ဆောင်နေပါတယ်။ တာရိုးကျိုးတဲ့အတွက် ဇူလိုင်လ ၂၁ ရက် နေ့လည်အထိ ရေဝင်ရောက်တဲ့ ရပ်ကွက် ကျေးရွာ အုပ်စု (၇) ခု မှ ရေဘေးသင့်ပြည်သူ ၁၂၀၀၀ ကျော်ကို ကယ်ဆယ်ရေး စခန်း ၂၂ ခုမှာ နေရာချထား ပေးနိုင်ခဲ့ပြီး ရေမြန်မြန်ကျအောင် ဆောင်ရွက်သွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမွန် က ပြောပါတယ်။ တာရိုးကျိုးတာကို ပြန်လည်ပြုပြင်ရာမှာ သဘာဝဘေး ရန်ပုံငွေကိုသုံးစွဲလုပ်ကိုင်တာဖြစ်ပြီး အလှူရှင်တွေကလည်း ကူညီထောက်ပံ့တာတွေရှိပါတယ်။ ရေဘေးသင့်ပြည်သူတွေကိုလည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ကူညီထောက်ပံ့တာတွေလုပ်တဲ့အပြင် အလှူရှင်တွေကလည်း ကူညီတာတွေ လုပ်ဆောင်နေပါတယ်။ တာရိုးကျိုးပေါက်တာနဲ့ ပတ်သက်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်ကြည့်ရှု ပြီး နောက်ငါးရက်လောက်မှာ မြစ်ရေ ပြန်တက်လာနိုင်တဲ့အခြေအနေကြောင့် အမြန်ဆုံးထိန်းချုပ်ဖို့ လမ်းညွှန်တာတွေရှိသလို ဖြစ်စဉ်နဲ့ ပတ်သက်လို့လည်း စစ်ဆေးတာတွေလုပ်သွားမယ်လို့ သိရပါတယ်။ သတင်း - နိုင်လင်းဦး၊ ဓာတ်ပုံ- FSD
3 years Ago
Up