တာချီလိတ်ဆေးရုံ

March 26, 2020

တာချီလိတ်ဆေးရုံတွင် ဆေးဝန်ထမ်း ၁ ဦးနှင့် ချင်းရိုင်းကပြန်လာသူ ၁ ဦးတို့ကို သံသယလူနာအဖြစ် ကုသပေးနေ

ရှမ်းပြည်နယ် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံမှာ ချင်းရိုင်းက ပြန်လာသူအမျိုးသမီးတဦးနဲ့ ဆေးဝန်ထမ်း အမျိုးသမီးတဦးတို့ကို မတ် ၂၅ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ စောင့်ကြည့်ကုသပေးနေတယ်လို့ သိရပါတယ်။ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်းက အမျိုးသမီးတဦးဟာ ချင်းရိုင်းမြို့က ရောဂါသည်တဦးနဲ့ အနီးကပ်နေထိုင်ခဲ့တာကြောင့် မတ် ၂၅ ရက်မှာ ဆေးရုံတင်ခဲ့တယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။ “ထိုင်းနိုင်ငံထဲက ပြန်ရောက်တာ သုံးလေးရက်လောက်ရှိပါပြီ။ အသက်က(၂၀)လောက်ရှိဦးမယ်၊ ပိုးကူးစက်ခံထားရတဲ့ သူနဲ့ ချင်းရိုင်းမှာ အတူနေခဲ့တာ။”  ဆေးဝန်ထမ်း အမျိုးသမီးလူနာကတော့ ချစ်ကြည်ရေးတံတား ၁ မှာ ပြည်တွင်း ပြန်လည်ဝင်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးပေးနေသူဖြစ်ပြီး အခုလောလောဆယ် ချောင်းဆိုးပြီး ဖျားနာတဲ့အတွက် စောင့်ကြည့်ကုသပေးနေတယ်လို့ ဆိုပါတယ်။ တာချီလိတ်မြို့မှာ မတ် ၂၃ ရက်နေ့က ထိုင်းနိုင်ငံမှာ အကျဉ်းကျခဲ့ရပြီး ပြန်လည်လွှဲပြောင်းလာသူတွေထဲက သံသယလူနာ ၁၂ ဦး၊ မတ် ၂၅ ရက်နေ့မှာ ၂ ဦးအပါအဝင် ၁၄ ဦးထိရှိလာပါတယ်။ ဓာတ်ခွဲအဖြေအရ ၁၄ ဦးထဲက ၁၁ ဦးမှာ ကိုရိုနာဗိုင်းစ် ရောဂါပိုး မတွေ့ဘူးလို့ သိရပါတယ်။ ဟိုတယ်မှာတွေ့ရတဲ့ ထိုင်းအမျိုးသမီး ၂ ဦးကိုတော့ မယ်ဆိုင်ကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။ သတင်း- ကိုဇက်
1 year Ago
Up