တာချီလိတ်

November 1, 2021

တာချီလိတ်နှင့် မယ်ဆိုင်တွင် ရေကြီးရေလျှံ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ထဲမှာ အောက်တိုဘာ ၃၁ ရက် မနေ့ညက မိုးသည်း ထန်တာကြောင့် မယ်ဆိုင်ချောင်းရေပြည့်လျှံကျပြီး ချောင်းဘေးနှစ်ဘက်ရှိ လူနေအိမ်တွေထဲ ရေဝင်ကုန်ပါတယ်။

ဒီနေ့မနက် ၅ နာရီကျော်လောက်က တာချီလိတ်မြို့ တာလော့ရပ်ကွက်ထဲမှာ ရေတွေ တက်လာလို့ အရေးကြီးတဲ့ပစ္စည်းတွေကို အမြင့်ပိုင်းကို ကူညီပြောင်းရွှေ့ပေးခဲ့ကြတယ်လို့ တာချီလိတ် နာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့ အရင်ဆုံးသိမြင်ရတာကတော့ တာလော့ရပ်ကွက်ထဲမှာပေါ့နော်။ မနက် ၅ နာရီခွဲ လောက်မှာ ရေတွေက ခါးဝက်လောက်ထိတက်လာလို့  ဆိုင်ကယ်တွေ ကားတွေသွားပြီး ကူညီ သယ်ရွှေ့ပေးခဲ့ကြပါတယ်။ ရေကြီးတဲ့နေရာတွေကတော့ ဒီမယ်ဆိုင်ချောင်းဘေးတလျှောက် ရပ်ကွက် အကုန်လုံးလိုပါပဲ။  ဒီတာလော့ရပ်ရယ် မကာအိုခမ်းရပ် မယ်ခေါင်ရပ်၊ ဆန်ဆိုင်း ရပ်ကွက်တွေပေါ့။  အပျက်အစီး ကြီးကြီးမားမားမရှိပါဘူး။ ဆိုင်ကယ်တွေကားတွေ နည်းနည်း ပျက်တယ်၊ အခုတော့ ရေတွေတရိပ်ရိပ်ပြန်ကျနေပါပြီ။” 

ဆန်ဆိုင်း (က) ရပ်ကွက်နေပြည်သူတစ်ဦးကလည်း သူတို့ဆီမှာ ခါတိုင်းလည်း ရေကြီးပေမယ့် ဒီတခေါက်တော့ တော်တော်ဆိုးကြောင်း၊ အိမ်ထဲမှာရေတွေပြည့်လို့ မီးလည်းပျက်၊ ထမင်းဟင်းလည်းချက်လို့မရ၊ ဘယ်မှလည်းသွားလို့ မရကြောင်း၊ မနက် ၉ နာရီခွဲလောက်မှာတော့ ရေက ၄ လက်မလောက်ပြန်ကျသွားပြီလို့ ပြောသွားပါတယ်။ 

အလားတူ ထိုင်းဘက်ခြမ်း မယ်ဆိုင်ချောင်းအနီးက ဆိုင်လုမ်းကျွိုင်းဈေးနဲ့  ရပ်ကွက်အချို့မှာ ရေတွေဝင်ပြီး ပစ္စည်းတွေ အမြင့်ကိုရွှေ့ပြောင်းခဲ့ကြရပါတယ်။ 

မနက် ၁၀ နာရီလောက်မှာ ရေပြန်ကျသွားကြောင်း၊ ရေကျတဲ့နေရာကို မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က လာရောက်စစ်ဆေးပြီး လိုအပ်တာတွေအကူအညီပေးကာ ရွှံ့နွံတွေကို သန့်ရှင်းရေးပြန်လုပ်နေကြရတယ်လို့ မယ်ဆိုင်ဒေသခံက ပြောပါတယ်။ 

1 month Ago

October 9, 2021

တာချီလိတ်တွင် ဘဏ်လုံခြုံရေး ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရ

ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ အောက်တိုဘာ ၈ ရက် မနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေး တာဝန်ကျ ရဲတပ်ကြပ်တစ်ဦး ဓားထိုးခံခဲ့ရတယ်လို့ သိရပါတယ်။

ရှမ်းရိုးမ ကုန်တိုက်အနီး  မြန်မာ့စီးပွားရေးဘဏ်မှာ တာဝန်ကျ ရဲတပ်ကြပ်အား အမည်မသိ အမျိုးသားတစ်ဦးက ဓားနဲ့ထိုးခဲ့တာကြောင့် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဘဏ်နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

“မနက် ၁၀ နာရီလောက်မှာဖြစ်တာ၊ ဓားနဲ့ထိုးသွားတဲ့ ကောင်လေးနဲ့ ရဲနဲ့စကားများတယ်။ ရဲက လက်ကို ဖမ်းဆွဲနေတုန်း  ကောင်လေးက ဓားနဲ့ ၃ ချက်ထိုးပြီး ထွက်ပြေးသွားတယ်။ မမိလိုက်ဘူး။” 

ဓားထိုးခံရတဲ့ ရဲတပ်ကြပ် တင်အောင်မိုးမှာ ဒဏ်ရာပြင်းထန်တာကြောင့် တာချီလိတ်ခရိုင် ကုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

ရဲတပ်ကြပ် ဓားထိုးခံရအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာက ဘဏ်အားလုံခြုံရေးတိုးမြှင့်ချထား အနီးတဝိုက်မှာ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

2 months Ago
More News
Up