တာချီလိတ်ခရိုင်ရှိ ပြည်သူများကို ၁ နှစ်စာ ထိုင်းနယ်စပ်ဖြတ်ခွင့်စာအုပ် ထုတ်ပေး

February 18, 2019

တာချီလိတ်ခရိုင်ရှိ ပြည်သူများကို ၁ နှစ်စာ ထိုင်းနယ်စပ်ဖြတ်ခွင့်စာအုပ် ထုတ်ပေး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း မြို့နယ် ၆ ခုက ဒေသခံတွေကို သက်ဆိုင်ရာက တနှစ်စာ ထိုင်းနယ်စပ် ဖြတ်သန်းခွင့် ပြုလိုက်ပါတယ်။ အဆိုပါ တနှစ်စာ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ကို ယခင်က တာချီလိတ်မြို့ပေါ် ရပ်ကွက်နေသူတွေကိုပဲ ခွင့်ပြုပေးခဲ့ရာမှာ ခုရက်ပိုင်းကစပြီး တာချီလိတ်ခရိုင်ရှိ အခြားမြို့ နယ် ၅ ခုတွင်း နေထိုင်သူတွေကို တနှစ်စာ စာအုပ်ထုတ်ပေးလိုက်တာလို့ တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုင်းအောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်အရ ခွင့်ပြုပေးလိုက်တာလို့ သိရ တယ်ခင်ဗျ။ အရင်ကတော့ တာချီလိတ်မြို့ပေါ်ရပ်ကွက်က လူတွေကိုပဲ လုပ်ပေးတယ်။ အခုတော့ တာချီလိတ်ခရိုင်ထဲက  မိုင်းဖျတ်၊ မိုင်းယောင်း၊ မိုင်းယု၊ တာလေ၊ မိုင်းလင်း စတဲ့ မြို့ နယ်ထဲက သူတွေလည်း လုပ်လို့ရပြီ။ တာချီလိတ်ခရိုင်က အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင် ကတ်ပြားရှိရင်ရတယ်။ စာအုပ်တအုပ်ကို ၅၀၀ ကျပ်ပဲ ကျမယ်တဲ့၊ နယ်စပ်ဂိတ်ဖြတ်ရင်တော့ ခါတိုင်းလိုပဲ၊ ဒီလိုခွင့်ပြုပေးလိုက်တော့ ကောင်းတာပေါ့။ ဟိုဘက်ကမ်းကို သွားသွားလာလာ လုပ်ချင်ရင် အရှည်ကြီး တန်းစီစရာမလိုတော့ဘူး။” ဒီကိစ္စနဲ့ ပတ်သက်ပြီး တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးကလည်း တာချီလိတ် ခရိုင် မြို့နယ် ၆ ခုအတွင်းရှိ တရားဝင်အိမ်ထောင်စုစာရင်းရှိသူတွေကို Border Pass (နယ်စပ် ဖြတ်သန်းခွင့်လက်မှတ်) တနှစ်စာစာအုပ် လုပ်ခွင့်ပြုလိုက်ကြောင်း၊ ကုန်ကျစရိတ်မှာ စာအုပ်လုပ်ခ ကျပ် ၅၀၀၊ နယ်စပ်ဖြတ်သန်းခ ၁ ကြိမ် ကျပ် ၂၀၀ ဖြစ်ပြီး အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအောက်မှာ လာရောက်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ထွေအုပ်ရုံးဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။ တာချီလိတ်မှတ်ပုံတင်မဟုတ်သော အခြားဒေသမှ မြန်မာနိုင်ငံသားတွေကတော့ တကြိမ်လျှင် ၇ ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်ကျော် လက်မှတ်ကိုသာ လုပ်ခွင့်ရှိ ပါတယ်။ ၂၀၁၉ နှစ်ဆန်းကာလ ၁၅ ရက်အတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဘက်ကို တာချီလိတ် - မယ်ဆိုင်ချစ်ကြည်ရေးတံတားအမှတ် ၁ ကနေ ထွက်သွားတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၁၂,၆၀၇ ဦးရှိပြီး ၁၁၁,၀၄၇ ဦး ပြန်လည်ဝင်ရောက်ခဲ့တယ်လို့ တာချီလိတ်လ၀ကရုံးရဲ့ စာရင်းကို ကိုးကားပြီ တာချီလိတ်သတင်းဌာနမှာ ဖော်ပြသွားပါတယ်။
2 years Ago
Up