တအိမ်ထောင် ဘတ် ၁၅

A d v e r t i s e m e n t With Us

April 29, 2020

ထိုင်း တောင်သူလယ်သမားများကို အစိုးရက တအိမ်ထောင် ဘတ် ၁၅,၀၀၀ ထောက်ပံ့မည် 

ထိုင်းအစိုးရရဲ့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးပေါ်အမိန့်၊ ညမထွက်ရ အမိန့်တွေကြောင့် အလုပ်အကိုင်ပျက်ပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေရသူတွေကို အစိုးရက တဦးလျှင် ထိုင်း ဘတ်ငွေ ၅၀၀၀ နှုန်းနဲ့ ထောက်ပံ့နေပါတယ်။ အဲဒီလိုထောက်ပံ့ရာမှာ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေသူတွေ မပါဘူးလို့ နဂိုက ကန့်သတ်ထားခဲ့ပေမယ့်လည်း တောင်းဆိုမှုတွေကြောင့် တောင်သူလယ်သမားတွေကိုပါ ပြန်ထောက်ပံ့ပေးတော့မှာ ဖြစ်ပါတယ်။  COVID-19 ကာကွယ်ရေးဥပဒေကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ရတဲ့ တောင်သူလယ်သမားတွေကို တအိမ်ထောင်လျှင် တလ ဘတ် ၅၀၀၀ နှုန်းနဲ့ ၃ လစာ စုစုပေါင်း ဘတ် ၁၅,၀၀၀ ထောက်ပံ့ဖို့ မနေ့ကကျင်းပတဲ့ ထိုင်းအစိုးရဝန်ကြီးများအဖွဲ့ အစည်းအဝေးက သဘောတူလိုက်ကြောင်း  ထိုင်းဘဏ္ဍာရေးဝန်ကြီး နိုင်းအုတမ ဆာဝနားယွန်းက သတင်းထောက်တွေကို ပြောပါတယ်။  တောင်သူလယ်သမားများ ထောက်ပံ့ကြေးငွေ စုစုပေါင်း ဘတ်သန်းပေါင်း ၄ သိန်းကို ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက အဆင်သင့်ပြင်ထားပြီး စိုက်ပျိုးရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။  တောင်သူလယ်သမားတွေကို တလ ၅၀၀၀ ပေးမလား ဒါမှမဟုတ် တခါတည်း ၃ လစာ ဘတ် ၁၅၀၀၀ ပေးမလား ဆိုတာတော့ စိုက်ပျိုးရေးဝန်ကြီးဌနအပေါ် မူတည်တယ်လို့ ဝန်ကြီးနိုင်းအုတမက ပြောသွားပါတယ်။  COVID-19 ကူးစက်ကာလ ထောက်ပံ့ကြေးရမယ့် တောင်သူလယ်သမားတွေဟာ စိုက်ပျိုးရေးလုပ်ငန်း အဓိကလုပ်ကိုင်သူ ဒါမှမဟုတ် အရန်လုပ်ကိုင်သူ၊ တောင်သူလယ်သမား မှတ်ပုံတင်ထားသူ၊ ထိုင်းနိုင်ငံသားနဲ့ အရွယ်ရောက်ပြီးသူတွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။  ထိုင်းနိုင်ငံမှာ တောင်သူလယ်သမားဦးရေ ၁၀ သန်းခန့်ပြီး COVID-19 ထောက်ပံ့ကြေး ဘတ် ၅၀၀၀ ရဖို့အတွက် လျှောက်ထားသူမှာ ၂၈ သန်း ရှိပါတယ်။  ဒါပေမဲ့ ထိုင်းအစိုးရကတော့ သာမန်လက်လုပ်လက်စားပြည်သူ ၁၄ သန်းကိုသာ ထောက်ပံ့ပေးမယ်လို့ပြောပြီး စိစစ်ထုတ်ပေးနေတာကြောင့် မရတဲ့ပြည်သူတွေကြား ပြဿနာဖြစ်နေပါတယ်။  ကိုးကား -  ဘန်ကောက်ဘစ်စနစ်စ်နယူးစ် / one31 news
10 months Ago
Up