တအိမ်တက်ဆင်း

A d v e r t i s e m e n t With Us

June 3, 2020

ပီရူးနိုင်ငံတွင် တအိမ်တက်ဆင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေး

ပီရူးအာဏာပိုင်တွေဟာ လီမာမြို့တော်က ရပ်ကွက်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူး၊ မကူး အမြန်စစ်ဆေးတဲ့နည်းနဲ့ ဇွန် ၂ ရက်ကစပြီး တအိမ်တက်ဆင်း ဆေးစစ်နေပါတယ်။ ပီရူးနိုင်ငံဟာ လက်တင်အမေရိကမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအမြင့်ဆုံးနဲ့ ကမ္ဘာ့ကူးစက်မှု အမြင့်ဆုံး အဆင့် ၁၀ နိုင်ငံ ဖြစ်လာလို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ဖြစ်နိုင်ခြေကို စစ်ဆေးနေတာပါ။ အစိုးရဟာ တရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူး၊ မကူး အမြန်စစ်ဆေးမှု အကြိမ်ရေ ၅၀,၀၀၀ နီးပါး ဆောင်ရွက်ခဲ့တယ်လို့ သမ္မတက မေ ၃၀ ရက်မှာ ပြောပါတယ်။ လူအယောက် ၁ သိန်းကျော်ကို စစ်ဆေးပြီးဖြစ်လို့ ဒေသတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စစ်ဆေးတာ အမြင့်ဆုံးနိုင်ငံလည်း ဖြစ်လာပြီလို့ သမ္မတက ဆက်ပြောပါတယ်။ ပီရူး ကာကွယ်ရေးဝန်ကြီးက “ရရစားစား ပြည်သူတွေအတွက် ရောဂါခြေချုပ် ကန့်သတ်ချက်ဟာ အခက်အခဲ ဖြစ်စေတယ်ဆိုတာ အစိုးရက နားလည်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ရေးဟာ  ဇွန် ၂ ရက်နှောင်းပိုင်း အစိုးရ ထိပ်သီးညီလာခံအတွင်း ဆွေးနွေးမယ့် လုပ်ငန်းစဉ် ဖြစ်တယ်” လို့  ပြောပါတယ်။  ပီရူးနိုင်ငံမှာ ဇွန် ၁ ရက်ထိ အတည်ပြုထားတဲ့ ကူးစက်ခံဦးရေဟာ ၁၇၀,၀၀၀ ကျော်ခဲ့ပြီး ကူးစက်ခံ ၄၆၃၄ ယောက် သေဆုံးခဲ့တယ်လို့ အစိုးရ သတင်းရင်းမြစ်တွေက ပြောပါတယ်။
9 months Ago

March 27, 2020

တအိမ်တက်ဆင်း ဆေးစစ်မှု ကိုရိုနာထိန်းချုပ်ရေး အထောက်အကူဖြစ်ဟု ဟောင်ကောင်ပညာရှင်ပြော

တအိမ်တက်ဆင်း ကျန်းမာရေး စစ်ဆေးတာက တရုတ် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရာမှာ အထောက်အကူ ဖြစ်ခဲ့တယ်လို့ ဟောင်ကောင်တက္ကသိုလ် ကပ်ရောဂါဗေဒပညာရှင်တဦးက ပြောလိုက်ပါတယ်။  ပါမောက္ခ ဘင်ဂျမင်- ကောလင်းက “ဝူဟန်မှာ သူတို့ရဲ့ မဟာဗျူဟာတွေထဲ အောင်မြင်တဲ့ အစိတ်အပိုင်းတခုက တအိမ်တက်ဆင်း ရောဂါလက္ခဏာ ရှိ၊ မရှိ စစ်ဆေးတာ ဖြစ်တယ်”လို့ ပြောပါတယ်။  “ရောဂါလက္ခဏာတွေ့ရင် သီးခြားခွဲထားတယ်။ မိသားစုဝင်တွေနဲ့  သီးခြားထားတယ်။ ဒါဟာ ရောဂါလက္ခဏာ နုသေးတဲ့သူတွေကိုတောင် ရှာတွေ့နိုင်တဲ့ ထိရောက်တဲ့နည်းလမ်း ဖြစ်တယ်” လို့ ပါမောက္ခ ကောလင်းက ဆိုပါတယ်။  ဟူဘေးပြည်နယ်မှာ နှစ်လတာ အသွားအလာကန့်သတ်တာတွေကို မတ် ၂၅ ရက်က အဆုံးသတ်ခဲ့ပါတယ်။  အလားတူ ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးဆုံးခံစားရတဲ့ ဝူဟန်မြို့မှာ အသွားလာထိန်းချုပ်တာကို ဧပြီ ၈ ရက်နေ့ ဖယ်ရှားမှာ ဖြစ်ပါတယ်။  ဒါ့အပြင် တရုတ်နိုင်ငံတဝန်း လုပ်ငန်းခွင် ပြန်ဝင်ကြသူတွေ ပိုများလာသလို ကမ္ဘာ့လှည့်ခရီးသွား အလာများနေရာတွေ ဖြစ်တဲ့ မဟာတံတိုင်းကြီးရဲ့ တစိတ်တပိုင်းကိုလည်း ပြန်ဖွင့်နေပြီ ဖြစ်ပါတယ်။
11 months Ago
Up