တအာလ်မီးတောင်

January 16, 2020

မီးတောင်အနီးက ဘေးကင်းရာ မရွှေ့ဘဲ ဖိလစ်ပိုင်ဒေသခံများ ငါးဖမ်းနေ

ဖိလစ်ပိုင်နိုင်ငံမှာ လက်ရှိ ပေါက်ကွဲနေတဲ့ မီးတောင်အနားက အန္တရာယ်ဇုံထဲမှာ ဒေသခံ တချို့က ဘေးကင်းရာရွှေ့ပြောင်းဖို့ အမိန့်ကိုအာခံရင်း ပိုက်ဆွဲငါးဖမ်းနေကြပါတယ်။  ဖိလစ်ပိုင်မြို့တော် မနီလာရဲ့တောင်ဘက် ၄၅ မိုင်အကွာမှာရှိတဲ့  တအာလ်မီးတောင်ဟာ ကမ္ဘာ့အငယ်ဆုံး မီးတောင်ရှင်တွေထဲကတလုံးပြီး ပြာတွေကြောင့်ဖြစ်တဲ့ တိမ်နဲ့ ပန်းထွက်နေတဲ့ ချော်ရည်တွေကို တအာလ်မီးတောင်ရဲ့ အူကြောင်းကနေ တတိယမြောက်နေ့အဖြစ် မြင်နေရတာပါ။ အခုလည်း မီးတောင်ပတ်လည် ၉ မိုင်အကွာမှာ နေတဲ့ လူအားလုံး ထွက်သွားကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။  ဘေးကင်းရာရွှေ့ရမယ့်အမိန့်ကို တာလီဆေးမြို့က ငါးဖမ်းသမား အတော်များများက အခွင့်ကောင်းယူပြီး တအာလ်ရေကန်ထဲမှာ ငါးဖမ်း နေကြပါတယ်။ လူတွေလာပြီး ငါးဖမ်းတာနည်းလို့ ခါတိုင်းထက် ငါးတွေ အများကြီး ပိုရတယ်လို့ ငါးဖမ်းသမား တယောက်က ပြောပါတယ်။  ဘေးကင်းရာ ရွှေ့သွားရသူ တယောက်ကလည်း သူ့ရဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ပြန်လာပြီး အစာကျွေးခဲ့တဲ့အပြင် တားမဲ့သူ မရှိလို့ ကျေးဇူးတင်ရတယ်လို့လည်း ပြောခဲ့ပါတယ်။ မနီလာမြို့တော်တောင်ပိုင်းမှာတော့ ကမ္ဘာလှည့်ခရီးသည်တွေအသွားများတဲ့ ဒီဒေသမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆိုင်တွေကို ပိတ်ထားပါတယ်။ မီးတောင်နားက တာဂေတေမြို့မှာ လျှပ်စစ်မီးရော၊ ရေပါ ပြတ်လပ်နေပေမယ့်  မီးတောင်ကျွန်းပေါ်က လူ ၂၄၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပြီးပါပြီ။ ဖိလစ်ပိုင်ရဲ့ အလှုပ်ရှားဆုံး မီးတောင်တွေထဲက တလုံးဖြစ်တဲ့ တအာလ်မီးတောင်ဟာ ကျန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ အတွင်း  အကြိမ်ရေ ၃၀ကျော် ပေါက်ကွဲခဲ့ ပြီးပါပြီ။ မီးတောင်ဟာ ပေ ၁၀၀၀ ကျော် မြင့်ပြီး ၁၉၁၁ ခုနှစ်က ပေါက်ကွဲမှုကြောင့် လူအယောက် ၁၃၀၀ လောက် သေဆုံးဖူးပါတယ်။
1 year Ago
Up