တအာင်းတပ်မတော်

July 7, 2015

တအာင်းတပ် နှင့် အစိုးရတပ် တိုက်ပွဲကြား မူလတန်းကျောင်းသားများ ပိတ်မိ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ အစိုးရတပ်နဲ့ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့ကြား ပစ်ခတ်မှုတွေကြောင့် မူလတန်းကျောင်းသားတွေ ပိတ်မိခဲ့ပြီး ရွာသားပေါင်း ၁၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်းက သီပေါကနေ နမ္မတူဘက်တက်လာတဲ့ အစိုးရတပ် စစ်ယာဉ်တန်းကို တီအန်အယ်လ်အေ တအာင်းတပ်ဘက်က ခြုံခိုတိုက်ခိုက်ရာကနေ ၂ ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ရွာသားတွေ ထွက်ပြေးရသလို ကျောင်းသားလေးတွေလည်း ၄ နာရီကြာ အိမ်မပြန်နိုင်ဘဲ ပိတ်မိနေခဲ့တယ်လို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ဒီဗွီဘီကို ပြောပါတယ်။ “မနက်ဆယ်နာရီလောက်က စပြီးတော့ နမ့်တောင်ကုန်းရွာနဲ့ ပန်သပြေရွာကြားမှာ ပစ်ခတ်ကြတယ်။ ပန်သပြေကနေ နမ့်တောင်ကုန်းမှာ ကျောင်းလာတက်တဲ့ ကလေး ၃၀ ကျော် အိမ်ပြန်လို့မရဘဲ ပိတ်မိနေတာ၊ ကျမတို့လည်း ပန်သပြေဘုန်းကြီးကျောင်းက ကား ၂ စီးနဲ့ ကလေးတွေကို သွားကြိုမလို့လုပ်တော့ လမ်းမှာ တခြားကားတွေ အများကြီးပြန်လာကြတယ်။ ရှေ့မှာ တိုက်ပွဲဖြစ်နေတယ် မသွားနဲ့တဲ့။ တအာင်းတပ်က တားတာကို နားမထောင်ဘဲ  ရှေ့ဆက်မောင်းသွားတဲ့ ကားတစီး ဘီးကို သေနတ်နဲ့ ပစ်ခံရတယ်လို့ပြောတယ်။ အဲဒါနဲ့ ကလေးတွေ သွားကြိုလို့မရဘူး။ ညနေ ၄ နာရီကျော်တော့ အစိုးရတပ်က နမ့်တောင်ကုန်းရွာထဲ ရောက်လာတယ်။ ကလေးတွေကို ခေါ်ထုတ်သွားဖို့ပြောတယ်။ အဲဒါ သူတို့ဆရာမတွေက ရွာသင်္ချိုင်းကုန်းရှိတဲ့ဘက်ကနေ ခေါ်ထုတ်ပြီး ကျမတို့လည်း ဓာတ်ငွေ့ပိုက်လိုင်းရှိတဲ့ဘက်ကနေ ပတ်ပြီး သွားကြိုခဲ့ရပါတယ်။” မနေ့က ပစ်ခတ်မှုတွေကြောင့်  မံစံကျေးရွာဘက်ကို  ထွက်ပြေးလာတဲ့ နမ့်တောင်ကုန်းက ရွာသားပေါင်း ၁၀၀ ကျော်လည်း ဘုန်းကြီးကျောင်းမှာပဲရှိနေပြီး ရွာသားတွေက ထမင်းထုပ်ဝေပေးကာ ကျန်းမာရေးဝန်ထမ်းတွေက မကျန်းမာသူတွေကို ဆေးစစ် ကုသပေးခဲ့ရပါတယ်။ မနေ့က ပစ်ခတ်မှုမှာ ရွာသားတွေ ဒဏ်ရာရ ထိခိုက်မှုမရှိပေမယ့် ပန်သပြေနားက ကုလားကျေးရွာထဲကို လက်နက်ကြီး ကျတာကြောင့် ခြံထဲ ကျွဲနှစ်ကောင်ကို ကျည်စထိသွားသလို နေအိမ်တချို့လည်း  လက်နက်ကျည်စတွ လွှင့်စင်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ဒီမတိုင်ခင် ဇူလိုင်လ ၄ ရက်နေ့ ညက နမ္မတူမြို့နယ် ပင်လုံရွာက ရွာသား ၂ ဦး လယ်တောကအပြန် တောပစ်တူမီးသေနတ် ပါတဲ့အတွက် အစိုးရစစ်တပ်က ရပ်ခိုင်းတာမှာ  ရပ်မပေးလို့ စစ်တပ်က နောက်ကနေ ပစ်လိုက်တဲ့ကျည် ရွာသား စိုင်းမောင်ကို ထိမှန်ပြီး သီပေါဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထားရတယ်လို့ တရွာတည်းသား စိုင်းပန်ကပြောပါတယ်။ တိုက်ပွဲတွေကြောင့် လားရှိုး၊ မန်တုံဘက်ကနေ နမ္မတူဘက်ကိုသွားမယ့် ခရီးသည်တင်ကားတွေနဲ့  ကိုယ်ပိုင်းကားတွေလည်း မနေ့က ရှေUဆက်မသွားနိုင်ဘဲ မံစံရွာမှာပဲ သောင်တင်နေခဲ့ကြပါတယ်။ ဒီနေ့မှာလည်း နမ္မတူအရှေ့မြောက်ဘက် မိုင်းရင်ကျေးရွာဘက်မှာ  ပစ်ခတ်မှုတွေ ရှိနေဆဲပဲလို့  ဒေသခံတွေက ပြောပါတယ်။
6 years Ago

July 6, 2015

တအာင်းတပ်မတော် တိုက်ပွဲလျှော့ချပြီး အပစ်ရပ်လက်မှတ်ရေးထိုးမည်ဟု ထုတ်ပြန်

တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) အနေနဲ့ ရှေ့လျှောက်တိုက်ပွဲတွေ လျှော့ချပြီး အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အတူ တပြည်လုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ  ပါဝင်လက်မှတ်ထိုးဖို့အသင့် ရှိတယ်လို့ ထုတ်ပြန်ကြေညာလိုက်တယ်။ ခုလိုထုတ်ပြန်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး တီအန်အယ်လ်အေ သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ မိုင်အိုက်ကျော်က “စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်နိုင်ဖို့၊ တိုက်ပွဲကြောင့် တအာင်းပြည်သူတွေ စစ်ဘေးဒဏ်ခံစားနေရတာတွေကို စာနာလို့၊  ပြီးတော့  လော်ခီးလာထိပ်သီးစည်းဝေးပွဲမှာ ချမှတ်ခဲ့တဲ့ သဘောထားကိုလည်း ကြိုဆိုတယ်။ ဒါကြောင့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး အန်စီအေကို လက်မှတ်ရေးထိုးမယ်ဆိုရင် ကျနော်တို့လည်း လက်မှတ်ထိုးဖို့ အသင့်ရှိတယ် ဆိုတဲ့အကြောင်း ထုတ်ပြန်တာပါ။”လို့ ဒီဗွီဘီကိုပြောပါတယ်။ တီအန်အယ်လ်အေဟာ ၂၀၁၅ ခုနှစ်ထဲမှာ အစိုးရတပ်နဲ့ ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတာဖြစ်ပြီး ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်မှာတော့ မိမိကိုယ်မိမိ ခုခံရုံမှအပ  နှစ်ဘက်ထိတွေ့တိုက်ခိုက်မှုကို အတတ်နိုင်ဆုံးရှောင်ရှားသွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကြေညာချက်ထုတ်ပြန်တဲ့ ဒီကနေ့မနက်ပိုင်းမှာဘဲ ရှမ်းပြည်မြောက်ကပိုင်း နမ္မတူမြို့ နယ် နမ့်တောဝ်ကုန်းရွာအနီးမှာ အစိုးရတပ်နဲ့  တအာင်းတပ်ဖွဲ့တို့အကြား ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ ပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ကတော့ အစိုးရတပ်က တအာင်းတပ်ဖွဲ့ဝင် ၂ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့  နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။ တအာင်းအဖွဲ့ကတော့ အစိုးရဖမ်းဆီးထားသူတွေဟာ သူတို့အဖွဲ့ဝင် တကယ် ဟုတ်မဟုတ် စိစစ်နေဆဲဘဲလို့ ပြောပါတယ်။ အစိုးရကတပြည်လုံးအပစ်ခတ်ရပ်ရေး၊ ငြိမ်းချမ်းရေးအတွက် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် တီအန်အယ်လ်အေနဲ့တော့ ၂၀၁၃ ခု နှစ် ဇူလိုင်လက  မူဆယ်မြို့မှာ တကြိမ်သာ တွေ့ဆုံဆွေးနွေခဲ့ပါတယ်။ အစိုးရနဲ့ ဒုတိယအကြိမ်ထပ်မံ တွေ့ဆုံဖို့ တီအန်အယ်လ်အေက ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကို စာ ၄ ကြိမ်ခန့်ပေးပို့ ထားပါတယ်။ တီအန်အယ်လ်အေအဖွဲ့ဟာ အစိုးရနဲ့ ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်ပါ ပဏာမ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့အတွက် အစိုးရဘက်က ဆွေးနွေးဖို့ ကမ်းလှမ်းခြင်းမရှိတာလို့  တီအန်အယ်လ်အေ သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ မိုင်အိုက်ကျော်က ပြောပါတယ်။
6 years Ago
Up