တသက်တကျွန်းချမှတ်

April 20, 2019

ကလေး ၁၃ ဦးအား သံခြေချင်းခတ် အငတ်ထားသည့် မိဘနှစ်ဦးကို တသက်တကျွန်းချမှတ်

ကလေး ၁၃ ယောက်ကို ရိုက်နှက်၊ အငတ်ထားပြီး သံခြေချင်းခတ်ခဲ့တဲ့ တောင်ကယ်လီဖိုးနီးယားပြည်နယ် မိဘနှစ်ဦးကို ဧပြီ ၁၉ ရက်နေ့မှာ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ အသက် ၅၇ နှစ်အရွယ် ဒေးဗစ်တာပင်နဲ့ ဇနီးဖြစ်သူ အသက် ၅၀ အရွယ် လူဝီတာပင်တို့ဟာ  ရစ်ဗားဆိုက်ကောင်တီ အစိုးရရှေ့နေတွေနဲ့ သဘောတူညီချက် တစိတ်တပိုင်းအရ ထောင်ဒဏ် ၂၅ - နှစ်ကျခံဖို့ သဘောတူခဲ့ပါတာပါ။ ကလေးတွေအပေါ်  နှိပ်စက်မှု၊ မှားယွင်း အကျဉ်းချမှု စွဲချက်တွေမှာ မိဘနှစ်ဦးဟာ  အပြစ်ရှိတယ်ဆိုပြီး အစိုးရရှေ့နေတွေက သတ်မှတ်ထားပါတယ်။ ဒေးဗစ်နဲ့ လူဝီတို့ဟာ သားသမီးတွေရဲ့ ထွက်ဆိုချက်ကို နားထောင်နေချိန်နဲ့ သူတို့ကိုယ်တိုင် ထွက်ဆိုချက်ပေးနေချိန်မှာ မျက်ရည်ကျခဲ့ပါတယ်။ မိခင်ဖြစ်သူ လူဝီက ကလေးတွေကို ထိခိုက်နာကျင်အောင် လုပ်မိတဲ့အတွက် စိတ်မကောင်း ဖြစ်ရပြီး  သူဟာ သားသမီးတွေကို ထက်တာထက်ပိုပြီး ချစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ အယူခံဝင် သဘောတူ ညီချက်အရ မိဘနှစ်ဦးအပေါ် စွဲဆိုထားတဲ့ ထပ်တိုးစွဲချက်တွေကို ရုပ်သိမ်းခဲ့ပြီး  ဒေးဗစ်နဲ့ လူဝီတို့ဟာ အနည်းဆုံး ထောင်ဒဏ် ၂၅ နှစ် ကျခံပြီးလို့ အာမခံ မရမချင်း ထောင်ဒဏ် ဆက်လက်ကျခံရမယ်လို့ ရစ်ဗား ဆိုက်ကောင်တီ ခရိုင်ရှေ့နေက  တွစ်တာမှာရေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လော့စ်အိန်ဂျလိစ်မြို့ အရှေ့ဘက် ပဲရက်စ် အရပ်မှာ ၁၇ နှစ်အရွယ် မိန်းကလေးတဦး နေအိမ်ပြတင်းပေါက်ကနေ ထွက်ပြေးပြီး နိုင်ဝမ်းဝမ်းကို ဖုန်းဆက်ရာကနေ ဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တာပါ။ ရဲတပ်ဖွဲ့က နေအိမ်ကို ၀င်ရောက် စီးနင်းရာမှာတော့ အသက် ၂ နှစ်ကနေ ၂၉ နှစ်အကြား မိန်းကလေးရဲ့ ညီအစ်ကို မောင်နှမတွေဟာ မှောင်မည်းပြီး အနံ့အသက် ဆိုးရွားတဲ့နေအိမ်ထဲမှာ ပိတ်လှောင်ခံထားရကာ တချို့ကတော့ အိပ်ရာမှာ သံခြေချင်း ခတ်ခံရတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီကလေးငယ်တွေမှာ အာဟာရဓာတ် မပြည့်ဝတာ၊ ကြွက်သားပိန်လှီတာ၊ ဖွံ့ဖြိုးမှု တုံ့ဆိုင်းတာနဲ့ ပြင်းပြင်းထန်ထန်နှိပ်စက်ခံရတဲ့ လက္ခဏာတွေကို တွေ့ရပြီးနောက် သူတို့ကို အာဏာပိုင်တွေက ခေါ်ယူစောင့်ရှောက်ပြီး မိဘနှစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
3 years Ago

December 2, 2017

ဂျပန်တရားရုံးက အမေရိကန်စစ်စခန်းမှ လုပ်သားတဦးကို ထောင်ဒဏ်တသက်တကျွန်းချမှတ်

ဂျပန် တရားရုံးက အမေရိကန် စစ်တပ် အခြေစိုက်စခန်းက လုပ်သားတယောက်ကို အဓမ္မပြုကျင့်မှု၊ လူသတ်မှုတွေနဲ့ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ ဂျပန်နိုင်ငံ တောင်ပိုင်း အိုကီနာဝါ ကျွန်းပေါ်မှာ ကျူးလွန်ခဲ့တဲ့ အမှုအတွက် စီရင်တာလို့ ဂျပန်ရုပ်သံ NHK က အစီရင်ခံပါတယ်။ အသက် ၃၃ နှစ် အရွယ် ကဲနက် ဖရင်ကလင် ရှင်ဇာတိုက အသက် ၂၀ အရွယ် ရီနာ ရှိမဘုခုရိုကို မနှစ်က ဧပြီမှာ သတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်း နဟာခရိုင် တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ တရားရုံး ပြောခွင့်ရကတော့ ဆုံးဖြတ်ချက်ကို ချက်ချင်းအတည်မပြုနိုင်သေးဘူးလို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ ဒီအမှုကြောင့် ကျွန်းပေါ်က ဒေသခံတွေ ဒေါသထွက်ခဲ့တာပါ။ အိုကီနာဝါကျွန်းပေါ်မှာ အမေရိကန်နိုင်ငံသား အယောက် ငါးသောင်းလောက် လက်ခံထားပါတယ်။ ဒါဟာ ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးလို့ ပြောရင်း ဒေသခံတွေက အမေရိကန် စစ်စခန်း တည်ရှိမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ နိုဝင်ဘာ ၁၉ ရက်ကလည်း ဒေသခံ တယောက် မောင်းလာတဲ့ ကားဟာ  အမေရိကန် ကမ်းတက် စစ်သည် မောင်းလာတဲ့ ကားနဲ့တိုက်မိလို့ ဒေသခံ အမျိုးသား သေဆုံးခဲ့ပါတယ်။ အမေရိကန် စစ်သည်က ကားတိုက်မှု ဖြစ်ချိန်မှာ အရက်မူးနေတယ်လို့ သံသယရှိတာကြောင့် ဂျပန် နိုင်ငံအတွင်း စစ်စခန်း အတွင်းရော အပြင်မှာပါ အမေရိကန် စစ်သည်တွေ အရက်သောက်မှု တားမြစ်ပိတ်ပင်ထားဖို့ အမေရိကန် စစ်တပ်က သတ်မှတ် ခဲ့ပါတယ်။
4 years Ago
Up