တလအတွင်း ဆိုင်ကယ် ၈ စီးခိုးယူခဲ့သည့် ၁၃ နှစ်သား ကလေးငယ်ကို ဖမ်းဆီး

January 12, 2018

တလအတွင်း ဆိုင်ကယ် ၈ စီးခိုးယူခဲ့သည့် ၁၃ နှစ်သား ကလေးငယ်ကို ဖမ်းဆီး

ထိုင်းနိုင်ငံမှာ တလအတွင်း မော်တော်ဆိုင်ကယ် ၈ စီးကို ခိုးယူခဲ့တဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တဦးကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သတင်းပေးချက်အရ ရဲတွေဟာ သူ့နောက်ကို နောက်ယောင်ခံလိုက်ခဲ့တာဖြစ်ပြီး ထွန်ဘူရီခရိုင်ထဲက စားသောက်ဆိုင်တဆိုင်ရှေ့မှာ နာရီပိုင်းအတွင်းက ခိုးယူခဲ့တဲ့ ဆိုင်ကယ်သက်သေနဲ့အတူ ဇန်နဝါရီ ၈ ရက် ညပိုင်းက ဖမ်းမိခဲ့တာလို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။ ပိုင်ရှင်ဖြစ်သူ အမျိုးသားက သူဟာ သူငယ်ချင်းတွေနဲ့အတူ ဆိုင်တဆိုင်မှာ ညစာစားခဲ့ချိန် ဆိုင်ကယ်ကို အပြင်မှာရပ်ထားခဲ့တာဖြစ်ပြီး အိမ်ပြန်ဖို့လုပ်တဲ့အချိန်မှာတော့ ဆိုင်ကယ် ပျောက်ဆုံးနေခဲ့တာဖြစ်တယ်လို့ ရဲတွေကို တိုင်ကြားခဲ့တာပါ။ ရဲဌာနတာဝန်ရှိသူတွေဟာ အဲဒီနေရာအနီးတဝိုက် စီစီတီဗွီကင်မရာတွေက တဆင့် စစ်ဆေးခဲ့ချိန်မှာတော့ အခုဖမ်းမိထားခဲ့တဲ့ ၁၃ နှစ်သားကလေးနဲ့ နောက်ထပ်တယောက်ကို တွေ့ခဲ့ရတာဖြစ်ပြီး အဲဒီဆိုင်ကယ်ကို ခိုးယူမောင်းထွက်သွားတာကို တွေ့ခဲ့ရတာပါ။ ဒီနောက် သူ့နောက်ကို ရဲတွေ ပိုက်စိပ်တိုက်ကာ လိုက်လံရှာဖွေခဲ့ကြတာဖြစ်ပြီး နောက်ဆုံးမှာတော့ ထွန်ဘူရီခရိုင်၊ ဆွိုင်ဝတ်ထ်ဒါအိုခနောင်ဒေသတွင်းက အဘွားဖြစ်သူရဲ့ နေအိမ်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ သတင်းမှာတော့ အသက်မပြည့်သေးတဲ့ ကလေးအရွယ်မို့ တရားခံရဲ့အမည်ကို ဖော်ပြမထားခဲ့ပါဘူး။ သူ့ရဲ့မိဘတွေဟာ ကာလကြာရှည်ကတည်းက ကွဲကွာသွားခဲ့ကြတဲ့အတွက် သူဟာ အဘွားဖြစ်သူနဲ့ နေထိုင်နေရပြီး ကျောင်းလည်း ဆက်မတက်တော့ဘူးလို့ ဆိုပါတယ်။ သူဟာ အရင်ကလည်း ခုလိုပဲ ဆိုင်ကယ်တွေကို ခိုးယူလေ့ရှိကာ အဓိက ပစ်မှတ်ထားတာကတော့ အသက်အရွယ်ကြီးတဲ့ လူကြီးတွေဖြစ်တယ်လို့ ရဲတွေကို ပြောပါတယ်။ လူကြီးတွေရဲ့ ဆိုင်ကယ်တွေကို ခိုးယူဖို့ လွယ်ကူပြီး သံချောင်းတချောင်းရှိရုံနဲ့ ဆိုင်ကယ်သော့တွေကို ဖွင့်နိုင်တယ်လို့ ဝန်ခံထွက်ဆိုထားတာပါ။ သူဟာ ဆိုင်ကယ်တွေကို ဆီကုန်တဲ့အထိ မောင်းနှင်ကာ ဆီကုန်သွားရင်၊ ဒါမှမဟုတ် ရဲတွေနဲ့တိုးရင်တော့ ဆိုင်ကယ်ကို ပစ်ထားခဲ့တယ်လို့ ပြောပါတယ်။ အလုပ်လုပ်ကိုင်တာမျိုးလည်း မရှိဘဲ အင်တာနက် ဗွီဒီယိုဂိမ်းတွေနဲ့သာ အချိန်ကုန်လေ့ရှိတဲ့ တရားခံကလေးငယ်က သူဟာ အိမ်ဖောက်ထွင်းမှုတွေလည်း ၅ ကြိမ်လောက် ကျူးလွန်ခဲ့ပြီး ဘတ်ငွေ ၂ သောင်းနဲ့ ဆဲလ်ဖုန်းတလုံး ရခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူ့ကို ခိုးမှုနဲ့ ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကာ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာပါတဲ့ နောက်ထပ်ကလေးတဦးကိုတော့ ရဲတွေက ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ပြစ်မှုကျူးလွန်သူဟာ အသက် ၁၅ နှစ်အောက်ဖြစ်တာမို့ ရာဇဝတ်ပြစ်မှုအနေနဲ့ ကျခံရမှာ မဟုတ်ပေမယ့် စည်းကမ်းထိန်းသိမ်းရေးစင်တာတခုခုမှာ လေ့ကျင့်ထိန်းကျောင်းသွားဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
4 years Ago
Up