ကိုဗစ်ကြောင့် အရင်က ပိတ်ထားခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်ဝင်ထွက်ပေါက်တွေကိုလည်း လာမယ့် ဇန်နဝါရီ ၈ ရက်ကစပြီး ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်သွားမယ်လို့ ရွှေလီမြို့ ပြည်ပရေးရာဌာနက ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားပါတယ်။
အဲဒီ နယ်စပ်ဂိတ်တွေကနေ ကုန်တင်ယာဥ်တွေရော၊ လူအဝင်အထွက်ကိုပါ အရင်ကအတိုင်း ခွင့်ပြုပေးသွားမယ်လို့ မူဆယ် အခြေစိုက် ကုန်သည်ကြီးတွေ ထံကသိရပါတယ်။
နယ်စပ်မြို့တွေမှာ တရုတ်နိုင်ငံဘက်က Lock down ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး တစ်လနီးပါး အကြာမှာ မူဆယ်သစ်သီးဝလံ စျေးကွက်အတွင်း မြန်မာ့ ဖရဲ၊သခွားသီးနှံတွေ စျေးကောင်း ပြန်ရလာတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
လတ်တလောမှာ မူဆယ်စျေးကွက်အတွင်းကို သစ်သီးကားအဝင်နည်းနေပြီ၊ တရုတ်ရိုးရာ နှစ်သစ်ကူး ပွဲတော်ကာလကလည်း မကြာခင် ရောက်ရှိတော့မှာ ဖြစ်လို့အခုလို စျေးကောင်းရရှိ လာတာလို့ ကုန်သည်အများစုက ပြောပါတယ်။
ကုန်သည်လုပ်ငန်းရှင်တစ်ဦးက "ဖရဲ၊ သခွားတွေ စျေးတက်ပါပြီ၊ အဝင်ကားနည်းလို့ စျေးရတာလည်းဖြစ်နိုင်သလို တရုတ်နှစ်သစ်ကူးချိန် ရောက်တော့မှာဖြစ်တာရယ် New year၊ နဲ့ ကိုဗစ်အလွန် အဲတာတွေကြောင့် ဝယ်သူစျေးပေးတာ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
လက်ရှိမှာ ၈၅၅ လို့ခေါ်တဲ့ ဖရဲ တစ်ကီလိုကို ၄ ယွမ်နဲ့ ၄ယွမ်အထက်စျေးရရှိနေပြီး၊ ထျန့်ဝမ်ဖရဲသီး တစ်ကီလိုကို ၄ ဒသမ ၇ယွမ်၊ ရွှေသခွားမွှေး တစ်ကီလို ကို ၄ ဒသမ ၇ ယွမ်၊ ကနေ ၄ဒသမ၈ ယွမ် အထိ စျေးရရှိနေတယ်လို့ သိရပါတယ်။
အခုလို မူဆယ် ဖရဲစျေးကွက်ပြန်ကောင်းလာပေမဲ့ အရည်အသွေးမကောင်းတဲ့သစ်သီးတွေ ထည့်သွင်းတင်ပို့မယ်ဆိုရင်တော့ စျေးကွက်ပျက်သွားနိုင်တယ်လို့ ကုန်သည်ကြီးတွေက သတိပေးထား ကြပါတယ်။
ကုန်သည်လုပ်ငန်းရှင်တစ်ဦးက “စျေးကောင်းပြီဆိုရင် အရည်အသွေးကို မထိန်းတော့ဘူး။ အကုန်တင် ကြပါတယ်။ စျေးကွက်တွေပျက်၊ ယုံကြည်မူတွေ အားနည်းကုန်ပါတယ်။ ဒါကြောင့် အသီးမညီဘူး၊ အရည်အသွေးမကောင်းရင် မတင်ပို့ကြပါနဲ့” လို့တိုက်တွန်းပါတယ်။
တရုတ်နိုင်ငံကို မူဆယ် ၁၀၅မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ တဆင့် မြန်မာ့ဖရဲသီးတွေကို တင်ပို့ရောင်းချနေတာပါ။ တရုတ်နိုင်ငံဘက်က မြို့တွေမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် ကူးသန်းသွားလာခွင့်ကန့်သတ်ချက်( Lock down) မကြာခဏ ပြုလုပ်နေတာကြောင့် တရုတ်ဝယ်လက်ကုန်သည်တွေ နယ်စပ်ဈေးကွက်ကို အဝယ်မလာရောက်နိုင်ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဖရဲသခွား စျေးနှုန်းတွေ ကျဆင်းနေခဲ့ပါတယ်။
ဒီဇင်ဘာလဆန်းပိုင်းမှာ တရုတ်ဘက်က Lock down ကန့်သတ်ချက်တွေကို ပြန်ပယ်ဖျက်လိုက်တာကြောင့် စျေးကွက်ပြန် အသက်ဝင်လာပြီ အခုအခါမှာ စျေးကောင်း ပြန်ရရှိလာတာပါ။
တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ ကိုဗစ်ရောဂါ အကြောင်းပြပြီး တင်းကျပ် ကန့်သတ်ထားတဲ့ သတ်မှတ်ချက်တွေကို အခုအခါ ပြန်လည် ဖြေလျှော့လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်က တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်မှာ အစားထိုး ယာဉ်မောင်းစနစ်နဲ့ ကုန်သွယ်မှုအပါအဝင် ကိုဗစ်စည်းကမ်းချက်တချို့ကို ဖြေလျှော့ပေးခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ကိုဗစ်--၁၉ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ ၂၀၂၀ ကစလို့ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးကို စည်းကမ်းစည်းကမ်းမျိုးစုံနဲ့ တဖြည်းဖြည်းတင်းကျပ်လာခဲ့ပြီး မြန်မာနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်ကာ၊ ကုန်နဲ့ မော်တော်ယာဉ်တွေကို ယာဉ်မောင်းအစားထိုး (ရှန်တိန်)စနစ်နဲ့ ဝင်ခွင့်ပြုတာအပြင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလို ဆောင်ရွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်တွေက မြန်မာ့ပို့ကုန်တွေ လမ်းခရီး အချိန်ကြန့်ကြာခဲရပြီး သယ်ယူပို့ဆောင်စရိတ်စကတွေ မြင့်တက်ခဲ့ရသလို ပုပ်သိုးလွယ်တဲ့ကုန်စိမ်း၊ သစ်သီး၊ ရေထွက်ကုန်တွေဟာ ကုန်ထုတ်လမ်းကြောင်းပိတ်ဆို့ပြီး တောင်သူနဲ့လုပ်ငန်းရှင်တွေမှာ ဆုံးရှုံးထိခိုက် နစ်နာခဲ့ရပါတယ်။
တရုတ်-မြန်မာ နယ်စပ်ဂိတ်စမ်းသပ်ဖွင့်လှစ်ရာမှာ မန္တလေးက သစ်သီးတင်ပို့သူတွေနဲ့ ကုန်စိမ်းရောင်းသူတွေ နစ်နာဆုံးရှုံးမှုတွေ များနေတာကြောင့် ကုန်သည်တွေ အဆင်ပြေစေဖို့ နှစ်ဖက် သက်ဆိုင်ရာတာဝန်ရှိသူတွေ ပြေလည်အောင် ညှိနှိုင်းနည်းလမ်းရှာသင့်တယ်လို့ မန္တလေးမြို့က ကုန်သည်တွေက တိုက်တွန်းလိုက်ပါတယ်။
“သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကုန်သည်တစ်ယောက်အနေနဲ့ ပြောရရင် အခုတင်ပို့နေရတယ်ဆိုတာက အရေအတွက်လည်း နည်းပါးတယ်။ ကုန်ကျစရိတ်တွေလည်း များနေတဲ့အတွက် တချို့မှာ နစ်နာဆုံးရှုံးမှု ကုန်စိမ်းသမားတွေ သစ်သီးသမားတွေမှာ လက်ရှိ လက်တလော ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရတာလည်း ကြားသိနေရတယ်။ ဒါကတော့ ကျနော်တို့ ကုန်သည်တွေဆန္ဒတင်မဟုတ်ပဲနဲ့ ကားသမားတွေ၊ ကုန်သည်တွေနဲ့ နှစ်ဖက် သက်ဆိုင်ရာတွေ ညှိနှိုင်းပြီးတော့ အကောင်းဆုံးနည်းလမ်းကိုရှာကြပါလို့ အကြံပြုချင်ပါတယ်” လို့ မန္တလေးမြို့က ကုန်သည်တစ်ဦးကပြောပါတယ်။
လက်ရှိတင်ပို့နေရတဲ့စနစ်မှာ တရုတ်နယ်နိမိတ်အတွင်းမှာ တိုက်ရိုက် တင်ပို့ခွင့်မရဘဲ ကုန်သေတ္တာတွေနဲ့ တင်ပို့ရပြီး ကရိန်းတွေနဲ့အပြင် ခေါက်တိုယာဉ်နဲ့ရော ကုန်တင် ကုန်ချ ပြုလုပ်တာကို စမ်းသပ် သုံးစွဲနေတာပါ။
မန္တလေးက ကုန်သည်တွေအနေနဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ကုန်တင်ပို့ရာမှာ ငွေကြေးနဲ့ပစ္စည်းဆုံးရှုံး ပျက်စီးမှုတွေ ရှိနေတဲ့အတွက် အခက်အခဲ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေ အရင်လို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ဆိုတာ အချိန်ကြာရှည်နေဦးမှာဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့ မိမိတို့ရဲ့ ထုတ်ကုန် အမြတ်မရနိုင် ဘူး သေချာပါက တင်ပို့ဖို့မကြိုးစားသင့်တော့ဘူးလို့ တရုတ်-မြန်မာနယ်စပ်မှာ သွားရောက် တင်ပို့နေတဲ့ ကုန်သည်တစ်ဦးက အကြံပြုပါတယ်။
“မိမိထင်မြင်ချက်နဲ့ တရားမဝင်ကနေ သွားရမလားလို့ကြိုးစားကြည့်တာတွေရှိတယ်။ ဒါက မဖြစ်နိုင်တဲ့အတွက် ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေလည်း ကြုံတွေ့နေရတာတွေလည်းရှိတယ်။ အခုလိုဖွင့်လှစ်တာကတော့ အားလုံးအတွက်ကောင်းပါတယ်။ သို့သော်ငြားလည်း စနစ်အနေနဲ့ကတော့ အရင်မြန်မာကားတွေ တရုတ်ပြည်ထဲမှာပေါ့လေ သူတို့နယ်နိမိတ်အတွင်းမှာရှိတဲ့ ကုန်ချစခန်းကနေပြီးတော့ တိုက်ရိုက်ဝင်ရောက်လို့မရဘဲ ကုန်သေတ္တာစနစ်နဲ့ မြန်မာပြည်က ရောက်ရှိလာတဲ့ကုန်ကို နယ်စပ်တင်မှာပဲ ကုန်သေတ္တာထဲထည့်ပြီးမှ ကရိန်းနဲ့တင် ကုန်တင်ကုန်ချ အလုပ်ကို စမ်းသပ်လာတယ်။ ဒီနည်းလမ်းက စရိတ်အနေနဲ့ တွင်ကျယ်မှုအနေနဲ့ကတော့ နှောင့်နှေးမှုတွေကြုံကြိုက်နေရတယ်။ စရိတ်စခအနေနဲ့လည်းပိုပြီးတော့ ကုန်ကျတာတွေ ရှိနေတယ်။ အဲ့ဒါကြောင့်မို့လို့ ကိုဗစ်-၁၉လည်း ကာကွယ်ရာရောက်ပြီးတော့ အခုထက် ကောင်းမယ့်နည်းကိုလည်း ရှာကြံကြည့်စေချင်ပါတယ်”လို့ မန္တလေးက ပဲနှမ်းကုန်သည်တစ်ဦးကထပ်မံပြောပါတယ်။
တရုတ်ဟာ အဓိက ကုန်သွယ်ဘက်နိုင်ငံတွေဖြစ်ပြီး မန္တလေး ကုန်သည်ဈေးကွက်အနေနဲ့ အရေအတွက်အများဆုံးတင်ပို့ရတဲ့ နိုင်ငံဖြစ်ပါတယ်။
တရုတ်- မြန်မာနယ်စပ်ဖြစ်တဲ့ ကျင်စန်းကျော့ ဂိတ်ကနေ ဝမ်တိမ်မြို့အတိ ခေါက်တိုကားခ တစ်ခေါက်ကို မြန်မာငွေ သိန်း ၁၀၀ ဝန်းကျင် ကုန်ကျနေပြီး သယ်ယူစရိတ်တွေပါ မြင့်တက်နေတယ်လို့ သိရပါတယ်။