တရုတ်အစိုးရ ကန့်သတ်

July 9, 2020

အမေရိကန်နိုင်ငံသားများကို တိဘက်ပြည်နယ် ဝင်ခွင့် တရုတ်အစိုးရ ကန့်သတ်မည်

တိဘက်ပြည်နယ်အပေါ် မတူကွဲပြားတဲ့ အပြုအမူနဲ့ဆက်ဆံခဲ့တဲ့ အမေရိကန် နိုင်ငံသားတွေ ကို ပြည်ဝင်ခွင့် ကန့်သတ်မယ်လို့ တရုတ်အစိုးရက ဇူလိုင်လ ၈ရက်မှာ ပြောလိုက်ပါတယ်။  ဒါဟာ တရုတ်အရာရှိတွေအပေါ် အမေရိကန်အစိုးရက ကန့်သတ်ချက်ကို လက်စားချေတာ ဖြစ်ပုံပေါ်တယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ဖော်ပြပါတယ်။  တရုတ်အစိုးရဟာ အမေရိကန်သံတမန်တွေ၊ သတင်းထောက်တွေနဲ့ ကမ္ဘာလှည့်ခရီးသည် တွေ တိဘက်ဒေသကို ခရီးသွားလာမှုကို နှောင့်ယှက်ခဲ့ပြီး ဟိမဝန္တာဒေသထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တဲ့အတွက် တရုတ်အရာရှိတချို့ကို အမေရိကန်က ပြည်ဝင်ခွင့် တင်းကြပ်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက ဇူလိုင် ၇ ရက်မှာ ပြောခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် ကုန်သွယ်ရေး၊ နည်းပညာ၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေးနဲ့ ဟောင်ကောင်အရေးတို့ကြောင့် တင်းမာနေတဲ့ ၂ နိုင်ငံ ဆက်ဆံရေးက ပိုဆိုးခဲ့ပါတယ်။  တရုတ်အစိုးရဟာ ဝေးလံသီခေါင်ပြီး တောင်ထူတဲ့ တိဘက်ဒေသဆီ ၁၉၅၀ ခုနှစ်က စစ်တပ်တွေ စေလွှတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း လွတ်မြောက်ခွင့်ပေးခဲ့တယ်လို့ တရားဝင် သုံးနှုန်းခဲ့ပါတယ်။  အဲဒီကစပြီး တိဘက်ဒေသကို သံလက်သီးအုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေခဲ့တာပါ။ တိဘက်ဒေသရဲ့ မြေမျက်နှာသွင်ပြင်နဲ့ ရာသီဥတုကြောင့် လာရောက်လည်ပတ်သူတွေကို ကာကွယ်ဖို့ ဆောင်ရွက်ချက်တွေကို တရုတ်အစိုးရက ပုံမှန်အားဖြင့် အကောင်အထည် ဖော်တာသာ ရှိပြီး တိဘက်အရေးကို ဘယ်နိုင်ငံခြားကမှ ကြားဝင်စွက်ဖက်မှုကို တရုတ်ပြည်မကြီး အစိုးရက ခွင့်ပြုမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ အမေရိကန်ဟာ တိဘက်လူမျိုးတွေရဲ့ အဓိပ္ပာယ်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပံ့ပိုးဖို့ ဆက်ပြီး ပိုင်းဖြတ်ထားတယ်၊ တိဘက်တွေရဲ့ အခြေခံ လူ့အခွင့်အရေးကို လေးစားတယ်လို့ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
1 year Ago
Up