တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ

December 9, 2019

တရုတ်အစိုးရဆန့်ကျင်ရေး ဟောင်ကောင်ဆန္ဒပြပွဲ လူ ၂ သိန်းခန့် တက်ရောက်

ဟောင်ကောင်ဒေသမှာ ဒီဇင်ဘာ ၈ ရက်က တရုတ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲကို ပြုလုပ်ခဲ့ရာမှာ လူ ၂သိန်းလောက် ချီတက်ခဲ့တာကြောင့် နိုဝင်ဘာဒေသန္တရရွေးကောက်ပွဲ နောက်ပိုင်း အကြီးမားဆုံးဆန္ဒပြပွဲ ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အနက်ရောင်ဝတ်ထားကြတဲ့ လူအုပ်ဟာ တနင်္ဂနွေနေ့က ချီတက်ဆန္ဒပြခဲ့ရာမှာ ခန့်မှန်းခြေ လူအယောက် ၈ သိန်းလောက် ပါဝင်ခဲ့တယ်လို့ ဒေသခံတွေကပြောပေမယ့် ဟောင်ကောင် ရဲတပ်ဖွဲ့ကတော့ လူ ၁ သိန်း ၈ သောင်းကျော် ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။  ဒါဟာ အရပ်ဘက်လူ့အခွင့်အရေးတပ်ဦး (Civil Human Rights Front) အဖွဲ့အနေနဲ့ အာဏာပိုင်တွေဆီက တရားဝင်လူထု စုဝေးခွင့်ရခဲ့တဲ့ သြဂုတ်လကတည်းက သူတို့ဦးဆောင်တဲ့ ပထမဆုံး လူထုစုဝေးပွဲလည်း ဖြစ်ပါတယ်။ ကျောင်းသားတွေ၊ ပညာရှင်တွေနဲ့ သက်ကြီးနိုင်ငံသားတွေ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ ‘လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ကြ’၊  ‘ဟောင်ကောင်နဲ့အတူ ရပ်တည်ကြ’ စတဲ့ ဆောင်ပုဒ်တွေကို ကြွေးကြော်ရင်း ဗစ်တိုးရီးယားပန်းခြံအထိ ချီတက်ခဲ့ကြပါတယ်။ လူဦးရေ ၇ ဒသမ ၄ သန်း နေထိုင်တဲ့ ဟောင်ကောင်ဒေသကို ဗြိတိန်ကိုလိုနီက ၁၉၉၇ ခုနှစ်မှာ တရုတ်အစိုးရဆီ လွှဲအပ်ခဲ့တာပါ။ အဲဒီနောက် တနိုင်ငံ စနစ်နှစ်မျိုး အုပ်ချုပ်ရေးစနစ်နဲ့ ဟောင်ကောင်ဟာ ပြည်မကြီးမှာ ပိတ်ပင်ထားတဲ့ လွတ်လပ်ခွင့်တွေ ရခဲ့တာပါ။ ဒါပေမဲ့ တရုတ်အစိုးရက ပိုပြီး တင်းကျပ်လာ မှာကိုတော့ ဟောင်ကောင်သားတွေက စိုးရိမ်နေကြပါတယ်။ ဟောင်ကောင်ရဲ့လွတ်လပ်တဲ့ တရားစီရင်ခွင့်ကို လှိုက်စားနိုင်လို့ ဟောင်ကောင်သားတွေ စိုးရိမ်နေတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်တင်ခဲ့အပြီး ဇွန်လကတည်းက ဟောင်ကောင်မှာ ဆန္ဒပြပွဲ တွေ၊ စီတန်းလှည့်လည်ပွဲတွေနဲ့ လူထုတွေ့ဆုံပွဲတွေ ၉၀၀ ကျော် ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ အများစုကတော့ ရုန်းရင်းဆန်ခတ် အခြေအနေတွေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒါ့အပြင် လူပေါင်း ၆ ထောင်ကျော် အဖမ်းခံခဲ့ရပါတယ်။ 
3 years Ago

November 15, 2019

ဟောင်ကောင်ဆန္ဒပြပွဲအတွင်း အဘိုးအိုတဦး ထပ်မံသေဆုံး

ဟောင်ကောင်မှာ တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း အခုလပထမပတ်က ကျောင်းသားတဦး သေဆုံးပြီးနောက် နောက်ထပ် အသက် ၇၀ အရွယ် အဘိုးအိုတဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူဟာ လမ်းသန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး ခေါင်းကို အုတ်ခဲမှန်လို့ နိုဝင်ဘာ ၁၄ ရက်က သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  မျက်နှာဖုံးတပ်ထားတဲ့ အဓိကရုဏ်းသမားတွေ ပစ်လိုက်တဲ့ အုတ်ခဲတလုံးဟာ လမ်းသန့်ရှင်းရေးအမျိုးသားရဲ့ ဦးခေါင်းကိုထိမှန်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုမီဒီယာပေါ်မှာလည်း တော်တော်လေး ပျံ့နှံ့နေပါတယ်။  အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောပါတယ်။  တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်း ပြဿနာကစလို့ ဟောင်ကောင်မှာ တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်နေတာ ၆ လနီးပါးရှိနေပြီး လက်ရှိမှာတော့ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား အခြေအနေက ပိုပြီးခက်ထန်လာနေပါတယ်။  ဒီနေ့မှာတော့ ဆန္ဒပြသူတွေဟာ ဟောင်ကောင်နဲ့ ကျုံလုံခရိုင်ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့  Cross-Harbour ဥမင်ကို အကာအရံတွေနဲ့ ပိတ်ဆို့ထားတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။  နိုဝင်ဘာလ ၈ ရက်က ဆန္ဒပြပွဲအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ကားပါကင်ကနေ အောက်ထပ်ကို ပြုတ်ကျလို့ တက္ကသိုလ်ကျောင်းသားတယောက် သေဆုံးခဲ့ပါတယ်။
3 years Ago
Up