တရုတ်အကျဉ်းထောင်

October 27, 2020

တရုတ်အကျဉ်းထောင်မှ ပြန်လွတ်လာသည့် မြန်မာနိုင်ငံသား ၁၀၈ ဦး နေရပ်ပြန် 

တရုတ်နိုင်ငံမှာ အ​ကြောင်းအမျိုးမျိုး​ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၀၈ ဦးကို မူဆယ်မြို့မှတဆင့် ​​အောက်တိုဘာ ၂၆ ရက်​ကစပြီး မိမိ​နေထိုင်ရာ နေရပ်​ဒေသသို့ ပို့​ဆောင် ​ပေး​နေ​တယ်လို့ မူဆယ်မြို့ တရုတ်​ကျောင်း ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့်က ပြောပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ထင်ချုန်းမြို့ ပေါက်ရှန် အကျဉ်းထောင်မှ မြန်မာနိုင်ငံသား အမျိုးသား ၅၆ ဦးနဲ့  အမျိုးသမီး ၅၉ ဦး၊ စုစု​ပေါင်း ၁၀၈ ဦးကို အောက်တိုဘာလ ၂၃ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း​ပေးခဲ့​တာဖြစ်ပြီး အများစုက ပတ်စ်ပို့ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေဖြစ်ပါတယ်။   လွှဲပြောင်းလာသူအားလုံးကို HIV နဲ့ ကိုဗစ်-၁၉ ရှိ၊ မရှိ Sweb နဲ့ သွေးနမူနာတွေ ရယူကာ ဆေးစစ်​ပေးပြီး ​အားလုံး ရောဂါကင်းစင်လို့  ၁၀၇ ဦးကို သက်ဆိုင်ရာ နေရပ်​ဒေသ ကို ​အောက်တိုဘာ ၂၆ ရက်​ကစတင်  ပြန်လည်ပို့​ဆောင်​ပေး​နေပြီး တစ်ဦးကတော့  မိမိ​ပြန်ရမယ့် နေရပ်လိပ်စာမသိတာ​ကြောင့် ကျန်​နေခဲ့တယ်လို့ ​တရုတ်​ထောင်လွှဲတွေကို ပူး​ပေါင်းကူညီ ပေး​နေ​တဲ့ ဝိုင်အမ်စီ​အေအသင်း တာဝန်ခံ ဦး​ဇော်​အောင်က ​ပြောပါတယ်။ အရင်က ​ထောင်လွှဲတွေကို ​​မိမိ​​​နေရပ်ဒေသ ​ရောက်မှသာ ​ဆေးစစ်တာ၊ ကွာရန်တင်း ဝင်​စေတာတွေ လုပ်​ခဲ့​ပေမယ့်လည်း ​ရောဂါထိန်းချုပ်မှု ပိုမိုထိ​ရောက်​စေဖို့ မူဝါဒ​ပြောင်းလဲပြီး နယ်စပ်​ဒေသမှာအပြီး ​ဆေးစစ်ပြီးမှ ​နေရပ်​ဒေသ ပြန်​လည်ပို့​ဆောင်​ပေး​တာဖြစ်​ပါတယ်။ ကိုဗစ် ပထမလှိုင်းအစက နေရပ်ပြန်သူတွေကို  တရုတ်နိုင်ငံဘက်က ရောဂါပိုး စစ်ပြီးမှလွှဲ​ပြောင်း​ပေးခဲ့​ပေမယ့် မူဆယ်​ရောက်ချိန် ထပ်မံစစ်​ဆေးရာမှာ ကိုဗစ်ပိုး​တွေ့တဲ့ လူနာလည်း ရှိခဲ့ဖူးပါတယ်။  သောကြာ​နေ့တိုင်း ​ထောင်လွှဲတွေကို လွှဲ​ပြောင်း​ပေး​နေရာမှ လက်ရှိ မြန်မာနိုင်ငံဘက်က လက်ခံမယ့်နေရာမှာ အိပ်ယာ မလုံ​လောက်မှု အခက်အခဲနဲ့ ဆေးစစ်​ဆေးပေးနိုင်မှု ​ပေါ်မူတည်ပြီး မြန်မာနိုင်ငံဘက်မှ လက်ခံနိုင်မည့် ဦး​ရေကိုသာ လွှဲ​ပြောင်း​စေကာ ကျန်တာ​တွေကို တရုတ်ဘက်မှာ ခဏ လက်လွှဲထားရတယ်လို့ မူဆယ် တရုတ်​ကျောင်း ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့်က ​ရှင်းပြပါတယ်။ အရင်က ဦး​ရေ ၂၀၀ ​ကျော်ထိ လက်ခံနိုင်ခဲ့​ပေမယ့် ၉ လ အတွင်း ​အလှူရှင်တွေ ​ထောက်ပံ့လှူဒါန်းထား​တဲ့ ခေါင်းအုံး၊ ​စောင်၊ ခြင်​​ထောင်တွေ တချို့လည်းပျက်စီး လာပြီး အလှူရှင်တွေလည်း အရင်လို မရှိ​တော့တာ​​ကြောင့် အခုမှာ ၁၁၅ ဦးသာ လက်ခံနိုင်​တော့​​တယ်လို့ တရုတ် ထောင်လွှဲသူတွေကို ကူညီ​ထောက်ပံ့တဲ့ စေတနာ့ ဝန်ထမ်းတွေထံက သိရပါတယ်။ သတင်း - Pra Jaw၊ ဓာတ်ပုံ - ဦးမန်းမျိုးမြင့်
1 year Ago

March 5, 2020

တရုတ်နိုင်ငံ အကျဉ်းထောင်၌ မြန်မာ ၂ ဦး ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရ

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ် အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ မြန်မာနို်ငငံသား ၂ ဦး ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကူးစက်ခံနေရတယ်လို့  ပေကျင်းအခြေစိုက် မြန်မာသံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။ အဆိုပါ မြန်မာနိုင်ငံသား၂ ဦးဟာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ သယ်ယူပို့ဆောင် ပြစ်မှုနဲ့ အကျဉ်းကျခံနေရသူတွေဖြစ်ပါတယ်။ သူတို့ ၂ ဦးကို ဖေဖော်ဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်မှာ  ဆေးရုံသို့ ပို့ဆောင်ကာ ပုံမှန်ဆေးဝါးကုသပေးနေပြီး လက်ရှိ ရောဂါအခြေအနေတည်ငြိမ်မှုရှိနေပေမယ့် ဆေးရုံကနေ ဆင်းခွင့်မရသေးဘူးလို့ ဟူပေပြည်နယ် အကျဉ်းထောင်စီမံခန့်ခွဲရေးဌာနက သံရုံးကို အကြောင်းကြား လာတယ်လို့ သိရပါတယ်။ ဟူပေပြည်နယ်ဟာ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရစ်ရောဂါ စတင်ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့ရှိရာ ပြည်နယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရတဲ့ အတည်ပြုလူနာ မတွေ့ရသေးပေမယ့် စင်ကာပူနိုင်ငံမှာ မြန်မာ ၁ ဦးနဲ့  တရုတ်နိုင်ငံမှာ ၂ ဦး စုစုပေါင်း ၃ ဦးရှိသွား ပြီဖြစ်ပါတယ်။ 
2 years Ago
Up