အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတပြန်အရွေးခံရဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့အကူအညီရယူဖို့ ကြိုးပမ်းခဲ့တယ်လို့ အမျိုးသားလုံခြုံရေးအကြံပေးဟောင်းရဲ့ စာအုပ်သစ်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် သမ္မတ ထရမ့်ဟာ အိမ်ဖြူတော်ကို ဘယ်လို ဦးစီးရမလဲဆိုတာကို အံ့သြစရာ ကောင်းလောက်အောင် မသိရှိဘူးလို့လည်း အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန်ဘော်လ်တန်က ပြောဆိုပါတယ်။
“ဇာတ်လမ်းဖြစ်ပျက်ဖြစ်ခဲ့တဲ့ အခန်း “လို့ အမည်ရတဲ့ စာမျက်နှာ ၅၇၇- မျက်နှာပါ ဘော်လ်တန်ရဲ့စာအုပ်ကို ဇွန်လ ၂၃ ရက်မှာ စတင်ရောင်းချဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့လည်း ထရမ့်အစိုးရက အဲဒီစာအုပ် ရောင်းချ မဖြစ်အောင် တားဆီးနေပါတယ်။
ဇွန်လ ၁၇ ရက် ညကပဲ အမေရိကန်တရားရေးဌာဟာ စာအုပ်ထုတ်ဝေခွင့်ကို တားမြစ်တဲ့ တရားသူကြီးရဲ့ အရေးပေါ် ညွှန်ကြားချက်ကို ရရှိခဲ့ပါတယ်။
စာအုပ်ထုတ်ဝေသူ ဆိုင်မွန်နှင့်ရှူစတာစာအုပ်တိုက်က အမေရိကန်အစိုးရ တရားစွဲဆိုမှုဟာ နိုင်ငံရေးအရ လှုံ့ဆော်တဲ့ ပေါ့ပျက်ပျက် လုပ်ဆောင်ချက် ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဂျွန်ဘော်လ်တန်ရဲ့စာအုပ်သစ် သိန်းချီပြီး ကမ္ဘာတဝှမ်းကို ဖြန့်ချိထားတာမို့ တရားရုံး အမိန့်စာဟာ အောင်မြင်မှာ မဟုတ်ဘူးလို့ စာအုပ်တိုက်က ပြောဆိုခဲ့ပါတယ်။
တချိန်တည်းမှာပဲ Fox သတင်းဌာန တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတ ထရမ့်က ဘော်လ်တန်ဟာ “ဥပဒေကို ချိုးဖောက်တယ်။ စာအုပ်မှာ လုံခြုံရေးအရ အထူးလျှို့ဝှက်ထားတဲ့ သတင်းတွေ ပါဝင်ပြီး ဘော်လ်တန်ဟာ ခွင့်ပြုချက်ရမထားဘူး”လို့ ပြောဆိုခဲ့ပါတယ်။
9 months Ago