တရုတ်သမ္မတ သတိပေး

January 26, 2020

ကိုရိုနာဗိုင်းရပ်စ် လျင်လျင်မြန်မြန် ပြန့်ပွားနေမှု တရုတ်သမ္မတ သတိပေး

တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု မြန်ဆန်လာနေတာကြောင့် စိုးရိမ်စရာ အခြေအနေနဲ့  ရင်ဆိုင်နေရတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီ ၂၅ ရက်နေ့က သတိပေး ပြောဆိုလိုက်ပါတယ်။ ဒီဗိုင်းရပ်စ်ကြောင့် အနည်းဆုံးလူ ၅၆ ဦး သေဆုံးခဲ့ရပြီး တရုတ်နိုင်ငံတဝန်းလုံးမှာရှိတဲ့ မြို့တွေမှာလည်း ကျန်းမာရေးဆိုင်ရာ အရေးပေါ်ဆောင်ရွက်ချက်တွေ ချမှတ်ထားရတာကြောင့် ကျန်းမာရေးပြဿနာနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း သူက ပြောပါတယ်။ ဒီလို ဆိုးရွားတဲ့အခြေအနေနဲ့ ပတ်သက်တဲ့ ရှီကျင့်ဖျင်ရဲ့ မှတ်ချက်ပေး ပြောဆိုမှုဟာ တရုတ်နိုင်ငံမှာ ရိုးရာနှစ်သစ်ကူးအခမ်းအနားများ စတင်လိုက်ချိန်မှာ ‌ပေါ်ပေါက်လာခဲ့တာပါ။ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ တင်းကျပ်တဲ့ သတိပေးမှုတွေ၊ ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေနဲ့ ဒီအခမ်းအနားတွေ ကျင်းပနေတာပဲ ဖြစ်ပါတယ်။  ဗိုင်းရပ်စ် ပြန့်ပွားနေမှုကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းမှာ အနည်းဆုံးလူ ၄၈ သန်းကို ထိန်း ချုပ်ထားပြီး ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့တဲ့ ဟူဘီပြည်နယ်အလယ်ပိုင်းက မြို့ကြီး ၁၅ မြို့ကိုလည်း ခရီးသွားခွင့်ပိတ်ပင်ထားပါတယ်။ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ သိရှိထားတဲ့ အရာတွေကတော့–
  • ဗိုင်းရပ်စ် သယ်ဆောင်မှုတွေ ပေါ်ပေါက်လာနိုင်ဖွယ် ရှိတာကို တားဆီးဖို့ ကျောင်းတွေကို ဖေဖော်ဝါရီ ၁၇ ရက်အထိ ပိတ်ထားမယ်လို့ ဟောင်ကောင်အစိုးရက ကြေညာ
  • ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဒုတိယမြောက်လူနာကို ကုသပေးနေပြီလို့ အမေရိကန်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာက အတည်ပြုချက် ထုတ်ပြန်
  • ပြင်သစ်၊ တောင်ကိုရီးယား၊ ဂျပန်၊ နီပေါ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ သြစတြေးလျနဲ့ အမေရိကန်တို့အထိ ရောဂါပျံ့နှံ့
  • တရုတ်နိုင်ငံသား သန်းပေါင်းများစွာအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ထားခြင်းကို ထပ်မံတိုး မြှင့်၊ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ ဝူဟန်မြို့မှာ အလုပ်သမားတွေဟာ ခုတင် ၁၀၀၀ ဆေးရုံ တခု တည်ဆောက်
  • မြို့တော်ပေကျင်းအပါအဝင် တရုတ်နိုင်ငံတဝန်းလုံးက အာဏာပိုင်တွေက လေထဲကနေ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ် ပြန့်ပွားမှု မဖြစ်စေဖို့ လူစုလူဝေး ဖြစ်ပေါ်ခြင်းကို ရှောင်ရှားနိုင်ရန် ဆောင်းဦးရာသီပွဲတော်နဲ့ ဆက်စပ်ပွဲတော်တွေကို ဖျက်သိမ်းခဲ့
1 year Ago
Up